နယ်လ်ဆင်ကို အငှားနဲ့ခေါ်ယူဖို့ အာဆင်နယ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ လက်စတာ
လက်စတာဟာ အာဆင်နယ်တောင်ပံကစားသမား ရီးစ်နယ်လ်ဆင်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ ဆွေးနွေးမှုတွေစတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ တကယ်လို့ အာဆင်နယ်ကသာ နယ်လ်ဆင်နဲ့ပတ်သက်တဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေကိုသာ သဘောတူလိုက်မယ်ဆိုရင်တော့ ကစားသမားဟာ သူ့ရဲ့နည်းပြဟောင်း စတိဗ်ကူပါနဲ့ ပြန်လည်ချိတ်ဆက်သွားနိုင်မှာဖြစ်ပါတယ်။
စတိဗ်ကူပါဟာ နယ်လ်ဆင်ကို အင်္ဂလန်ယူ-၁၆ နဲ့ ၁၇ အသင်းတွေမှာ ကိုင်တွယ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ကူပါဟာ အသက်-၂၄ နှစ်အရွယ်ကစားသမားကို အသင်းရဲ့ပွဲထွက်လူစာရင်းမှာထည့်သွင်းမယ်ဆိုတဲ့ မက်လုံးနဲ့ ဆွဲဆောင်နေတယ်လို့သိရပါတယ်။
နယ်လ်ဆင်ဟာ သူ့ရဲ့အာဆင်နယ်ကစားသမားဘဝ ပွဲဦးထွက်ကို နည်းပြဟောင်း အာစင်ဝင်းဂါးလက်ထက် ၂၀၁၇-၁၈ ခုနှစ်မှာကတည်းက စတင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း တောင်ပံကစားသမားဟာ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းမရှိဘဲ အရန်ကစားသမားအဖြစ်သာ နေထိုင်ခဲ့ရတာဖြစ်ပါတယ်။
ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၂၃ ပွဲပါဝင်ကစားခဲ့ပေမယ့် အသင်းနည်းပြ အာတီတာက သဘောကျနှစ်သက်ခြင်းမရှိတာကြောင့် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ နယ်လ်ဆင်ဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ပွဲထွက်ကစားသမားအဖြစ် ၁၀ ပွဲသာပါဝင်ခွင့်ရခဲ့တာဖြစ်တယ်။ ၂၀၁၇ ခုနှစ် ယူရိုချန်ပီယံရှစ်ပြိုင်ပွဲမှာ အင်္ဂလန်ယူ-၁၇ အသင်းနဲ့တူ အောင်မြင်မှုရခဲ့တဲ့ ကူပါအနေနဲ့ နယ်လ်ဆင်ကို လက်စတာသို့ခေါ်ယူပြီး တိုးတက်အောင် ကူညီပေးနိုင်ဖွယ်ရှိပါတယ်။
တစ်ဖက်မှာလည်း အာဆင်နယ်အသင်းက နွေရာသီမှာ ကစားသမားသစ်ခေါ်ယူဖို့ ဘဏ္ဍာရေးအခြေအနေ ထိန်းညှိသွားမှာဖြစ်လို့ အင်္ဂလန်သားကို လက်လွှတ်သွားဖွယ်ရှိပါတယ်။ မကြာသေးမီက အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းသို့ အငှားစာချုပ်နဲ့ လာရောက်ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အာတီတာရဲ့အသင်းဟာ ဘိုလော့ဂ်နာကြယ်ပွင့် အီတလီလက်ရွေးစင်နောက်ခံလူ ရီကာဒိုကာလာဖီအိုရီကို ပေါင် ၄၂ သန်းနဲ့ခေါ်ယူနိုင်ဖို့ကလည်း အလွန်နီးစပ်နေပြီဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အာဆင်နယ်ဟာ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တစ်ချိန်တော့မှာပဲ အာဆင်နယ်ဟာ ရီးရဲလ်ဆိုစီဒက်ကွင်းလယ်လူ မာရီနိုကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့် ချဲလ်ဆီးအသင်းက လက်ဦးမှုရရှိဖို့ နီးစပ်နေတာဖြစ်ပါတယ်။
စပိန်အသင်းနဲ့တူ ၂၀၂၄ ယူရိုဖလားကို ဆွတ်ခူးခဲ့တဲ့ မာရီနိုဟာ ယခင်က နယူးကာဆယ်မှာကစားခဲ့ဖူးပြီး ယခုအခါမှာတော့ ပရီးမီးယားလိဂ်သို့ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။