ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ယူဖို့ ဘဏ္ဍာငွေမရှိကြောင်း ပြောကြားလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ကစားသမားသစ်တွေလိုအပ်နေသော်လည်း ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ယူဖို့ သုံးစွဲရန် ဘဏ္ဍာငွေရှိမှာမဟုတ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့နံနက်က ယူနိုက်တက်ဟာ နယူးကာဆယ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ၀-၂ ဆိုတဲ့ရလဒ်နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက်အရှုံးနဲ့ကြုံတွေ့ခဲ့ရပြီး ၂၀၂၄ ခုနှစ်အကုန်ကို အရှုံးတွေနဲ့သာ ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ အဆိုပါရှုံးပွဲတွေကြောင့် အာမိုရင်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နဲ့ ရမှတ် ၇ မှတ်သာကွာဟတော့တဲ့ အခြေအနေအထိရောက်ရှိနေပြီလည်းဖြစ်ပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်မှာ သူ့ရဲ့အကြိုက်ဆုံးနည်းစနစ်ဖြစ်တဲ့ ၃-၄-၃ ကစားကွက်ကို ပုံဖော်ဖို့ကြိုးစားနေပေမယ့် လက်ရှိအချိန်မှာတော့ အဆိုပါကစားကွက်မှာ အသင်းရဲ့ကစားသမားတွေကို အံဝင်ခွင်ကျထည့်သွင်းနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ယူဖို့ရှိမရှိမေးမြန်းခဲ့ရာ အာမိုရင်က “ကစားသမားသစ်ခေါ်ယူဖို့က ဇန်နဝါရီမှာတော့ ဖြစ်နိုင်ချေမရှိပါဘူး။ အခြေအနေတွေကို အားလုံးသိကြမယ်လို့ထင်ပါတယ်။ ကျွန်တော်ဒီရောက်လာတယ်ဆိုတာ ငွေအများကြီးသုံးပြီး အသင်းကိုပြောင်းလဲဖို့မဟုတ်ပါဘူး။ ဒါကြောင့် ဒီအကြောင်းကို ပြောစရာမလိုဘူးလို့ထင်ပါတယ်” လို့ဖြေကြားခဲ့ပါတယ်။
ESPN သတင်းတွေအရ ယူနိုက်တက်ရဲ့ ဇန်နဝါရီကာလအတွင်း ကစားသမားသစ်ခေါ်ယူနိုင်ရေးဟာ လက်ရှိအသင်းမှ ကစားသမားတွေထွက်ခွာမှုအပေါ်မူတည်နေတယ်လို့လည်းသိရပါတယ်။ ယူနိုက်တက်ဟာ အသင်းရဲ့ကစားသမားအချို့ကို အငှားအနေနဲ့ရော အပြီးသတ်အနေနဲပါ ထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ တကယ်လို့ ကစားသမားသစ်ခေါ်ယူခဲ့မယ်ဆိုရင်လည်း အသင်းရဲ့လက်တလောအခြေအနေအရ ယူနိုကတက်ဟာ ဘယ်တောင်ပံနေရာကိုပဲ အားဖြည့်သွားနိုင်ချေရှိပါတယ်။
ဆက်လက်ပြီး အာမိုရင်က အသင်းရဲ့လက်ရှိအခြေအနေတွေဟာ သူ့ရဲ့ ၃-၄-၃ ကစားကွက်ကြောင့်ဖြစ်နေပြီး အဲရစ်တန်ဟက်သာဆို ၄-၃-၃ ကစားကွက်နဲ့ ကစားပုံပိုမိုကောင်းမွန်အောင် ဖြေရှင်းနိုင်တယ်ဆိုတဲ့ အကြံပေးချက်တွေကိုလည်း တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
ပေါ်တူဂီသားက “ကျွန်တော့်ရဲ့စိတ်ကူးတွေကို ရောင်းစားမှပဲရပါမယ်။ကျွန်တော်ပြောင်းလဲလိုက်ရင် အသင်းက ပိုတောင်ဆိုးသွားဦးမှာပါ။ကစားသမားတွေအနေနဲ့ ဒီလိုပုံစံမှာ ၂ နှစ်လောက်အထိ ကစားခဲ့ပြီးပြီဆိုတော့ အသားကျနေပါပြီ။ ပြောင်းလဲဖို့ ခက်ခဲနိုင်ပါတယ်။ ဒီလိုအသင်းမျိုးမှာ နည်းပြအပြောင်းအလဲဖြစ်တယ်ဆိုတာ အသင်းက နိုင်ပွဲတွေမရလို့ပါ။ သူတို့က စနစ်တစ်ခုမှာ ရုန်းကန်နေရလို့ နိုင်ပွဲမရကြတာပါ။ ဒီစနစ်ကို ကျွန်တော်က ပြန်သုံးလို့မရပါဘူး” လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ဇန်နဝါရီလ ၅ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ ၂၀၂၅ ခုနှစ်အတွက် ပထမဆုံးပွဲစဉ်အဖြစ် ခက်ခဲတဲ့ပြိုင်ဘက် လီဗာပူးကို အန်ဖီးလ်မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နှစ်သစ်ကို အနိုင်ရလဒ်နဲ့ ဖွင့်လှစ်နိုင်မလား ဒါမှမဟုတ် ရှုံးပွဲဆက်သွားဦးမလား စောင့်ကြည့်ရပါမယ်။