The network connection is lost.

Banner Image

အမ်ဘာပေကို ခေါ်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကို မထိတထိ သွားဆွလိုက်တဲ့ ဘာစီလိုနာ ဥက္ကဌ

ဘာစီလိုနာဥက္ကဌ ဂျိုအန်လာပေါ်တာက ပီအက်စ်ဂျီထံမှ ကီလီယန်အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကို မထိတထိသွားဆွခဲ့ပြီး ဘာစီလိုနာအသင်းက ကိုယ်ပိုင်ကစားသမားတွေနဲ့ပဲ အောင်မြင်မှုရယူနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ 
 
အမ်ဘာပေဟာ စပိန်မြို့တော်သို့ ပြောင်းရွှေ့ဖို့အတွက် ပြီးခဲ့တဲ့ တနင်္လာနေ့က အတည်ပြုခဲ့ပြီး လာလီဂါချန်ပီယံတွေနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီမှာ ၆ နှစ်ကြာနေထိုင်ခဲ့တဲ့ အသက်-၂၅ နှစ်အရွယ် ကစားသမားဟာ တစ်ရာသီကိုလစာ ပေါင် ၁၃ သန်းအထိ ရရှိခဲ့ပြီး ၅ နှစ်အတွင်းမှာ ဘောနပ်စ်အနေနဲ့ ပေါင် ၁၂၈ သန်းအထိရရှိသွားမှာဖြစ်ပါတယ်။
 
မကြာသေးမီ ရက်ပိုင်းကမှ ချန်ပီယံလိဂ်ဖလားကို ပူပူနွေးနွေးရရှိထားတဲ့ ရီးရဲလ်မက်ဒရစ်အနေနဲ့ အခုလို အမ်ဘာပေလို ကစားသမားမျိုးကို ခေါ်ယူနိုင်ခြင်းက ပြိုင်ဘက်အသင်းတွေ အတွက် သတင်းဆိုးဖြစ်လာခဲ့ပြီး စပိန်ချန်ပီယံတွေဟာ နောက်ထပ်တစ်ကြိမ်ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အင်အားတောင့်တင်းလာခဲ့ပြီဖြစ်ပါတယ်။
 
ယခုအခါမှာတော့ ဘာစီလိုနာဥက္ကဌ လာပေါ်တာက “ဘာစီလိုနာ ပရိသတ်တစ်ယောက်အနေနဲ့ ကီလီယန်အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်မှာ တွေ့မြင်ရတာက သိပ်ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်တော်ကတော့ အသင်းရဲ့ လာမာစီယာက ကစားသမားလေးတွေကိုအသုံးပြုပြီး ပရောဂျက်တည်ဆောက်ရတဲ့ နည်းဗျူဟာကို ပိုသဘောကျပါတယ်။ ပြိုင်ဘက်တွေကို လေးစားပေမယ့် ကျွန်တော်တို့ကတော့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ပဲ အလုပ်လုပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
 
ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါအမှတ်ပေးဖလားကို ဘာစီလိုနာထက် ၁၀ မှတ်အသာရရှိပြီး ဆွတ်ခူးနိုင်ခဲ့သလို ၁၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကိုလည်း ပူပူနွေးနွေးရရှိထားတာဖြစ်ပါတယ်။ ဘာစီလိုနာကတော့ အသင်းနည်းပြ ဇာဗီကို ထုတ်ပယ်ထားပြီး မကြာသေးမီကမှ ဟန်စီဖလစ်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ထားပါတယ်။
 
ဖလစ်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပုံနဲ့ပတ်သက်ပြီး လာပေါ်တာက “ကျွန်တော် ဘာစီလိုနာနဲ့ပြန်လည် ချိတ်ဆက်တဲ့အချိန်ကလည်းက ဖလစ်ခ်ကို အသင်းရဲ့နည်းပြသစ် အဖြစ် ခန့်အပ်ဖို့စဉ်းစားခဲ့ပါတယ်။ ဇာဗီ အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာတဲ့အချိန်ကတည်းက သူကလည်း အသင်းကို လေ့လာနေခဲ့တာပါ။ ဒီကိုနဲ့ ဘိုဂျန်တို့ကလည်း ဖလစ်ခ်နဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့မှတ်ချက်တွေပြုလုပ်ပေးခဲ့ကြလို့ အခုလို ဆုံးဖြတ်ခဲ့ကြတာပါ” လို့ ပြောကြားခဲ့ပါတယ်။
 
တစ်ချိန်တည်းမှာပဲ အမ်ဘာပေကလည်း ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရတာက သူ့ရဲ့အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ အင်စတာဂရမ်မှတစ်ဆင့် ဖော်ပြလာခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ပီအက်စ်ဂျီအတွက် ၃၀၈ ပွဲ ကစားခဲ့ရာမှာ ၂၅၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့အတူ ပြင်သစ်လီဂူးဝမ်းဖလားကို ၆ ကြိမ်အထိဆွတ်ခူးနိုင်ခဲ့တဲ့ အမ်ဘာပေဟာ ဥရောအောင်မြင်မှုကိုတော့ ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၀ ခုနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ၁ ကြိမ်သာတက်ရောက်နိုင်ခဲ့ပါတယ်။