မိုယူကိုကိုအနေနဲ့ ဒေါ့မွန်ကနေ ထွက်ခွာလိုကြောင်း အတည်ပြုလိုက်တဲ့ အေးဂျင့်
ဒေါ့မွန်ရဲ့ ယူ ၁၉ အသင်းအတွက် ၁၄ နှစ်သားအရွယ်မှာ ဂိုးသွင်းယူခဲ့ပြီးနောက် ၅ နှစ်အအတွင်းမှာ မိုယူကိုကိုဟာ ပရိသတ်တွေရဲ့ သတိထားခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ အသက် ၁၆ နှစ်ပြည့်ပြီးနောက်တစ်ရက်မှာပဲ အသင်းကြီးနဲ့အတူ ပွဲထွက်ခဲ့ရခြင်းကြောင့် ဘွန်ဒက်စ်လီဂါရဲ့သမိုင်းကြောင်းမှာ အသက်ငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။
စိတ်လှုပ်ရှားဖွယ် အရည်အသွေးများရှိနေသော်လည်း သူဟာ ပထမအသင်းမှာ ခြေစွမ်းတည်ငြိမ်ဖို့အတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။ သူဟာ ဒေါ့မွန်အတွက် ၉၉ ပွဲကစား ၁၈ ဂိုးသွင်းယူထားသော်လည်း ပြိုင်ပွဲစုံမှာ ၂၅ ပွဲသာ ပွဲထွက် ကစားထားရတာဖြစ်ပါတယ်။
ဒေါ့မွန်နှင့် ချုပ်ဆိုထားတဲ့ စာချုပ်ရဲ့ နောက်ဆုံး ၂ နှစ်အတွင်းသို့ ဝင်ရောက်လာတဲ့အခါမှာတော့ ၁၉ နှစ်သားရဲ့အေးဂျင့်က သူ့ရဲ့ကစားသမားအတွက် အခွင့်အရေးမရှိခြင်းအတွက် နွေရာသီမှာ အသင်းကနေထွက်ခွာဖို့ တွန်းအားပေးလုပ်သွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
"သူ့မှာ ကြီးမားတဲ့အလားအလာရှိသော်လည်း ပြီးခဲ့တဲ့ရာသီမှာ ကံမကောင်းစွာဘဲ နှေးကွေးသွားခဲ့ရပါတယ်။ သူ့ရဲ့အရည်အချင်းအကြောင်းပြောရရင် ၂၀၂၃-၂၄ ဘွန်ဒက်စ်လီဂါရာသီမှာ ၆၁၃ မိနစ်သာ ကစားခဲ့ရပြီး ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါရှိ ကစားသမားအနည်းငယ်သာ ဒီလိုနှုန်းမျိုးရှိတာပါ" "စာချုပ်မှာ လက်မှတ်ထိုးတုန်းက သူ့အမှာကတိကဝတ်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အမှန်တယ်ဖြစ်မလာခဲ့ပါဘူး။ သူက ကစားဖို့နှင့် တိုးတက်ဖို့အတွက်ကိုသာ စိတ်ဝင်စားပြီး မိဒီယာက သတင်းတွေလို အခြားဘယ်အရာကိုမှ စိတ်ဝင်စားခြင်းမရှိပါဘူး။ ငွေကြေးအတွက်ဆိုရင်တော့ သူက ကြီးမားတဲ့ကမ်းလှမ်းမှုတွေကို လက်ခံခဲ့နိုင်ပြီး လက်ရှိရရှိနေတဲ့ ငွေကြေးထက် ၃ ဆ လောက်ပိုမိုရရှိနိုင်ပါတယ်။ လေ့ကျင့်ရေးနဲ့ ပွဲစဉ်တွေမှာတောင် မီဒီယာတွေက သူ့ကို အရှုံးသမားလို့ ပြောကြပါတယ်။ တစ်ခုတည်းသောအရာက သူဟာ ပွဲတွေကိုသာ ကစားချင်ပြီး အသင်းကနေထွက်ဖို့တောင်းဆိုလာရင်လည်း ကျွန်တော်တို့မှာ ဘာဖိအားမှ မရှိပါဘူး"
"သူ့ရဲ့အရည်အချင်းကို ယုံကြည်ပြီး ပထမအသင်းမှာထားရှိလိုတဲ့အသင်းတွေ အများကြီးရှိတယ်ဆိုတာ လျှို့ဝှက်ထားစရာမလိုပါဘူး။ မိုယူကိုကိုရဲ့ လမ်းမှာ ဒေါ့မွန်က အမှားတစ်ခုကိုလုပ်လိုက်တာပါ။ ပွဲကစားချိန်နည်းပါးတာက ကစားသမားရဲ့တန်ကြေးကို နိမ့်အောင်လုပ်လိုက်တယ်ဆိုတာ အားလုံးအသိပါ ဒေါ့မွန်က အများကြီးမျှော်လင့်လို့တော့ မရပါဘူး"
"ဒါဟာ ဘောလုံးစီးပွားရေးဖြစ်တဲ့အတွက် ကျွန်တော်တို့က ကွဲပြားခြားစေချင်ပါတယ်။ ကစားသမားရဲ့စိတ်ထဲမှာတော့ ရှင်းပါတယ်။ သူ့ရဲ့ကစားသမားဘဝတိုးတက်ဖို့အတွက်ကိုသာ လုပ်ဆောင်ဖို့ သိထားပါတယ်။ အခုတော့ သူ့ကို အင်္ဂလန်၊ စပိန်နှင့် ပြင်သစ်တို့က စိတ်ဝင်စားလာကြပါပြီ" လို့ အေးဂျင့်က ဖာဘရီဇီယိုရိုမန်နိုထံသို့ ပြောပါတယ်။
မိုယူကိုကိုဟာ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ရေဒါထဲမှာ အချိန်အကြာကြီးအထိရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူး၊ ယူနိုက်တက်နှင့် နယူးကာဆယ်တို့အားလုံးဟာ နိုဝင်ဘာလမှာ အသက် ၂၀ ပြည့်မယ့် တိုက်စစ်မှူးကို အရင်ကတည်းက စိတ်ဝင်စားနေကြတာဖြစ်ပြီး ဘာစီလိုနာကလည်း ကစားသမားရဲ့ ဒေါ့မွန်နဲ့ စာချုပ်မချုပ်ဆိုမီ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းက ခေါ်ယူဖို့အတွက် ချဉ်းကပ်ခဲ့ဖူးတာဖြစ်ပါတယ်။