မန်စီးတီးကစားသမားတွေ ဂွါဒီယိုလာအပေါ် ယုံကြည်နေကြဆဲဖြစ်ကြောင်း ပြောကြားလာတဲ့ ဖိုဒန်
မန်ချက်စတာစီးတီးကြယ်ပွင့် ဖီးလ်ဖိုဒန်က အသင်းဟာ ရလဒ်ဆိုးတွေနဲ့တောက်လျှောက်ကြုံတွေ့နေရပြီး ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာလည်း ယူနိုက်တက်ကို ၁-၂ နဲ့အရေးနိမ့်ခဲ့ပေမယ့် အသင်းရဲ့ကစားသမားတွေဟာ နည်းပြကြီးပက်ဂွါဒီယိုလာအပေါ်မှာ ယုံကြည်မှုရှိနေကြဆဲဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးဟာ ယူနိုက်တက်ကို ပွဲကစားချိန် ၈၈ မိနစ်အထိ ၁-၀ နဲ့ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ပွဲပြီးကာနီးမှာ ပြန်လည်ခွင့်ပြုခဲ့ရတဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ အာမက်ဒီယာလိုတို့ရဲ့သွင်းဂိုးတွေကြောင့် ဒီရာသီမှာ ပရီးမီးယားလိဂ်မှာ ၅ ပွဲမြောက်အရှုံးနဲ့ကြုံတွေ့ခဲ့ရပြီး ချန်ပီယံဂုဏ်ပုဒ်ကိုထိန်းသိမ်းနိုင်ဖို့ အတော်လေးခက်ခဲသွားခဲ့ပြီဖြစ်ပါတယ်။
အဆိုပါပွဲစဉ်အပြီး မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက အသင်းဟာ ၁၅ နှစ်အရွယ်ကစားသမားတွေလို ကစားခဲ့ကြကြောင်း၊ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချမှတ်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သလို၊ နည်းပြဂွါဒီယိုလာကလည်း သူဟာ ယူနိုက်တက်ကိုအနိုင်ယူဖို့ လုံလောက်အောင်မကောင်းခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာအနေနဲ့ အခုလိုရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ကြုံတွေ့နေရပြီး အသင်းရဲ့စွမ်းဆောင်ရည်ကို တိုးတက်လာအောင်ပြုလုပ်နိုင်ခြင်းမရှိပေမယ့် ကျောထောက်နောက်ခံကစားသမားတွေ အများအပြားကျန်ရှိနေဆဲဖြစ်ပြီး ဖိုဒန်ကလည်း အဆိုပါကစားသမားတွေထဲမှ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားက “ကျွန်တော်တို့က လက်ရှိအချိန်မှာ တကယ့်မန်စီးတီးနဲ့တူညီတဲ့အဆင့်အတန်းမှာရှိမနေပါဘူး။ ဒါပေမယ့် ရလဒ်ကောင်းတွေနဲ့ ရမှတ်တွေပြန်လည်ရယူနိုင်မယ်ဆိုတာကိုတော့ ယုံကြည်ချက်ရှိနေပါတယ်။ ကျွန်တော်တို့လိုအပ်တာက မိနစ် ၉၀ လုံးကို အာရုံစိုက်ပြီးကစားဖို့ပါပဲ။ အတိတ်မှာရခဲ့တဲ့အောင်မြင်မှုမျိုးကိုပြန်ရဖို့ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ ကြိုးစားသွားကြဖို့လိုပါတယ်။ အနိုင်ရမယ့်နည်းလမ်းတွေကို ပုံဖော်နိုင်တော့မယ်လို့ ယုံကြည်ပါတယ်။ နည်းပြရဲ့ လုပ်ငန်းစဉ်တွေကို ယုံကြည်ပြီး ပုံမှန်အတိုင်းရှေ့ဆက်လုပ်ဆောင်သွားရပါမယ်။ အခုချိန်က တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲမနေဘဲ စည်းလုံးရမယ့်အခြေအနေပါ။ ကျွန်တော်တို့ပြန်လာနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လာမယ့်စနေနေ့မှာတော့ မန်စီးတီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာကို ဗီလာပါ့ခ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အပြုသဘောဆောင်တဲ့ရလဒ်မျိုး ပြန်လည်ဖန်တီးနိုင်မလား စောင့်ကြည့်သွားရပါမယ်။