
ရိန်းဂျားစ်ကိုအနိုင်ရခဲ့ပေမယ့် ယူနိုက်တက်အနေနဲ့ အဆုံးသတ်စွမ်းရည်ပိုင်း တိုးတက်ဖို့လိုအပ်နေသေးတယ်လို့ဆိုလာတဲ့ အာမိုရင်
ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ဟာ ရိန်းဂျားစ်ကို အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့နောက်ကျသွင်းဂိုးနဲ့အတူ ၂-၁ နဲ့အနိုင်ရခဲ့ပေမယ့် ပွဲအပြီးမှာ နည်းပြရူဘင်အာမိုရင်က အသင်းအနေနဲ့ အဆုံးသတ်စွမ်းရည်ပိုင်းကို တိုးတက်အောင်ကြိုးစားသွားဖို့လိုအပ်နေသေးတယ်လို့ ထောက်ပြပြောဆိုလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုရဲ့ကန်ချက် တိုင်ထိခဲ့သလို၊ နောက်ခံလူ ဟယ်ရီမက်ဂွါရီကလည်း အဆုံးသတ်ညံ့ဖျင်းခဲ့တာကြောင့် ဦးဆောင်ဂိုးရဖို့ရုန်းကန်ခဲ့ရပြီး ရိန်းဂျားစ်ဂိုးသမား ဘတ်လန်းရဲ့ OG ကြောင့်သာ ဒုတိယပိုင်းမှာ ဂိုးစရခဲ့တာဖြစ်ပါတယ်။ ပွဲပြီးကာနီး ၈၈ မိနစ်မှာ ရိန်းဂျားစ်အတွက် ဒက်ဆာစ်က ချေပဂိုးပြန်လည်သွင်းယူခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ သရေရလဒ်နဲ့သာ ကျေနပ်ရတော့မယ်လို့ ယူဆခဲ့ကြပေမယ့် အချိန်ပို ၉၀+၂ မိနစ်မှာ ဖာနန်ဒက်စ်က အနိုင်ဂိုးသွင်းယူခဲ့ပေးခဲ့လို့ အိမ်ကွင်းမှာ နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အာမိုရင်က ပွဲပြီးဆုံးချိန်အထိ တိုက်ပွဲဝင်ခဲ့တဲ့ အသင်းရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုကြောင်းပြောကြားခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေသေးတယ်လို့ဆိုပါတယ်။ ပေါ်တူဂီသားနည်းပြက “ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်ထက်ပိုကောင်းခဲ့ပါတယ်။ ခြေစွမ်းကောင်းနဲ့စတင်ကစားနိုင်ခဲ့ပြီး ဆိုးဝါးတဲ့ ဆုံးဖြတ်ချက်တချို့ကြောင့်သာ ပွဲကို မထိန်းချုပ်နိုင်ခဲ့တာပါ။ ဦးဆောင်ဂိုးသွင်းပြီးနောက်ပိုင်းမှာ ဒုတိယဂိုးအတွက် ကျွန်တော်တို့ အခွင့်အရေးတွေအများကြီးရခဲ့ပါတယ်”
“ဒီပွဲမှာ အသင်းကအကောင်းဆုံးပုံစံနဲ့မကစားနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ပွဲကထက်စာရင်တော့ ပိုပြီး စုစုစည်းစည်းရှိလာပါပြီ။ ပြိုင်ဘက်ကလည်း မတူညီတဲ့ပြိုင်ဘက်ဖြစ်ခဲ့ပါတယ်။ အသင်းအနေနဲ့ အဆုံးသတ်ပိုင်းမှာ အခုထက်ပိုပြီး သေချာသင့်ပါတယ်။ အဆုံးသတ်စွမ်းရည်ကောင်းမွန်မှ အသင်းအတွက်အကူအညီဖြစ်မှာပါ” လို့ပြောကြားခဲ့ပါတယ်။
အာမိုရင်လက်ထက် ယူရိုပါလိဂ်ပွဲစဉ် ၃ ပွဲကစားထားရာမှာတော့ ယူနိုက်တက်ဟာ ၃ ပွဲစလုံးအနိုင်ရထားပြီး နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။ ယခုပွဲစဉ်မှာ အနိုင်ရခဲ့ပေမယ့် အသင်းရဲ့နောက်ခံလူ ၂ ဦးဖြစ်တဲ့ ဒီလစ်ချ်နဲ့ ရိုယိုတို့ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာကြောင့် ယူနိုက်တက်အတွက် အပြုသဘောဆောင်တဲ့ပွဲစဉ်တစ်ပွဲတော့မဟုတ်ခဲ့ပါဘူး။
ကစားသမား ၂ ယောက်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အာမိုရင်က “ဒီလစ်ချ်က ခြေထောက်ဒဏ်ရာရသွားခဲ့တာပါ။ ဒါကြောင့် စွန့်စားမှုမပြုလုပ်ချင်လို့ လူစားလဲခဲ့ပါတယ်။ အသင်းအနိုင်ရဖို့လိုပေမယ့် ကစားသမားတွေဒဏ်ရာမရအောင် ကာကွယ်ဖို့လည်းလိုအပ်ပါတယ်။ အသင်းမှာ ကစားသမားတိုင်းက အရေးကြီးပါတယ်” လို့အသိပေးပြောကြားခဲ့ပါတယ်။