
သားဖြစ်သူရွေးချယ်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ရော်နယ်ဒို
အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုက သားဖြစ်သူ မက်တီယိုတစ်ယောက် ရွေးချယ်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားအကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဆယ်စုနှစ် ၂ ခုကြာ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ကြား ပြိုင်ဆိုင်မှုတွေရှိခဲ့တာဖြစ်ပြီး ၂ ဦးစလုံးဟာ မကြာခင်မှာ ကစားသမားဘဝကနေ အနားယူကြတော့မှာဖြစ်ပါတယ်။ ပရိသတ်တော်တော်များများက ရော်နယ်ဒို နဲ့ မက်ဆီတို့ကြား ရွေးချယ်ရင်း ပြိုင်ဆိုင်မှုတွေရှိခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ ရော်နယ်ဒိုရဲ့သားဖြစ်သူ မက်တီယိုက အဖေဖြစ်သူကော မက်ဆီကိုပါ မရွေးချယ်ခဲ့တာဖြစ်ပါတယ်။
“မက်တီယိုက ဘာပေကို တော်တော်လေးကြိုက်ပါတယ်။ သူတစ်ချို့အချိန်တွေမှာ အခုလိုပြောလေ့ရှိပါတယ်။ အဖေရေ ဘာပေက ခင်ဗျားထက်ပိုကောင်းတယ်နော်ဆိုပြီး ပြောလေ့ရှိပါတယ်။ ကျွန်တော်ကတော့ ငါက သူ့ထက်ပိုကောင်းသလို ဂိုးတွေလည်း ပိုသွင်းထားနိုင်တယ်လို့ ပြောခဲ့ပါတယ်”လို့ ရော်နယ်ဒိုက သားဖြစ်သူအကြောင်း ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ကစားသမားဘဝသွင်းဂိုးပေါင်း ၉၀၀ အထိ သွင်းယူထားနိုင်ခဲ့ကာ အနားမယူခင်မှာ ဂိုး ၁၀၀၀ ပြည့်အောင် သွင်းယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဘာပေကတော့ မက်ဒရစ်မှာ ရော်နယ်ဒိုခြေရာကို လိုက်နင်းနိုင်ဖို့ ပစ်မှတ်ထားနေပြီး လက်ရှိမှာ စွမ်းဆောင်ရည်ကောင်းတစ်ချို့ပြန်လည်ရှာဖွေထားနိုင်ခဲ့ပါတယ်။