
ဖီယင်နုမှာ အန်းစလော့ရဲ့အမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းသွားဖို့ ရည်မှန်းထားတဲ့ ဗန်ပါစီ
ဆာအဲလက်စ်ဖာဂူဆန်၊ အာစင်ဝင်းဂါးတို့ ထိပ်တန်းဂန္တဝင်နည်းပြကြီးတွေဆီမှ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကို ထုတ်ဖော်ပြောဆိုရင်း ဖီယင်နုမှာ အန်းစလော့ရဲ့အမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းသွားဖို့ မျှော်မှန်းထားတယ်လို့ ဗန်ပါစီက ပြောပါတယ်။ ဖီယင်နုရဲ့နည်းပြသစ်ဖြစ်လာပြီးနောက် နယ်သာလန်တိုက်စစ်မှူးဟောင်းဗန်ပါစီက ပြီးခဲ့တဲ့နွေရာသီကာလမှာ လီဗာပူးအသင်းဆီ ထွက်ခွာသွားတဲ့ အန်းစလော့ရဲ့အမွေအနှစ်တွေကို ဆက်ခံရခြင်းကြောင့် ပျော်ရွှင်မိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် သူက ရှေ့ဆက်ရမယ့်ခရီးလမ်းမှာ ဂန္တဝင်နည်းပြကြီးတွေဖြစ်တဲ့ဆာအဲလက်စ်ဖာဂူဆန်၊ အာစင်ဝင်းဂါးတို့ရဲ့သွန်သင်ပြသမှုတွေကို အသုံးချသွားရလိမ့်မယ်လို့ ဖွင့်ဟလာပါတယ်။
The Mirror သတင်းဌာနနဲ့ တွေ့ဆုံချိန် ဗန်ပါစီက “ အန်းစလော့ကိုယ်တိုင် ဖီယင်နုနည်းပြအဖြစ် သုံးနှစ်တာဝန်ယူခဲ့တဲ့နေရာမှာ ရှိနေရလို့ ကျွန်တော်တို့အားလုံးဂုဏ်ယူသင့်ပါတယ်။ သူက တကယ့်ကိုကောင်းမွန်လှတဲ့အလုပ်တစ်ခုကို လုပ်ဆောင်ခဲ့ပြီး နောက်ထပ်အဆင့်တစ်ခုဆီ မြှင့်တင်ပေးခဲ့ပါတယ်။ အခု လီဗာပူးမှာ အန်းစလော့လုပ်ဆောင်ပြနေတဲ့အရာတွေကို မြင်တွေ့မယ်ဆိုရင် ဒါဟာ ကျွန်တော်တို့အတွက် တကယ့်ကိုဂုဏ်ယူစရာဖြစ်နေပါလိမ့်မယ်။ သူ့ရဲ့အမွေအနှစ်တွေကို ဆက်ခံရင်း အလုပ်ဆက်လုပ်သွားရမှာဖြစ်လို့ ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဒီကဏ္ဍအတွက် မစိုးရိမ်မိပါဘူး။ ဆန့်ကျင်ဘက်အားဖြင့် အပေါင်းလက္ခဏာဆောင်တဲ့အရာတစ်ခုကိုလည်း ကျွန်တော် မြင်တွေ့ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကစားသမားအများစုက အန်းစလော့လက်အောက်မှာ ကစားခဲ့ဖူးလို့ ကျွန်တော်မြင်တွေ့ချင်တဲ့ကစားပုံမျိုးကို သူတို့တွေ သိရှိနေပါလိမ့်မယ်။
ဆာအဲလက်စ်ဖာဂူဆန်၊ အာစင်ဝင်းဂါးတို့လို ကျွန်တော်ကြုံတွေ့ခဲ့ရဖူးတဲ့ အကောင်းဆုံးနည်းပြကြီးတွေက ကိစ္စတိုင်းကို တက်နိုင်သမျှ အရိုးရှင်းဆုံးဖြစ်အောင်ပဲ လုပ်ဆောင်ခဲ့ပါတယ်။ ဘောလုံးကစားတယ်ဆိုတာ မလွယ်ကူပါဘူး။ ပါဝင်ပတ်သက်ရမှုက မယုံကြည်နိုင်လောက်စရာပမာဏတစ်ခုအထိ ရှိပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲမှုနဲ့ ကစားဟန်တစ်ခုလေ့ကျင့်ပြင်ဆင်နေမှုအတွက် စိတ်အားထက်သန်နေဖို့ဆိုတာ အရာရာတိုင်းကို ရိုးရှင်းလွယ်ကူအောင် အမြဲလုပ်ဆောင်ထားရပါမယ်။ ဒါကပဲ သူတို့ဆီမှ ကျွန်တော်သင်ယူခဲ့တဲ့အရာအချို့ ဖြစ်ပါတယ်။
ကစားသမားတွေနဲ့လည်း စကားကောင်းကောင်းပြောဖြစ်ပြီး ကျွန်တော် ဘာလိုချင်သလဲဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်။ အာစင်ဝင်းဂါးနောက်ပိုင်း ဆာအဲလက်စ်ဖာဂူဆန်နဲ့လက်တွဲအလုပ်လုပ်ခဲ့ရလို့ ကျွန်တော် ကံကောင်းခဲ့ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ဆီမှ သင်ခန်းစာတွေ တကယ်ရရှိခဲ့ပါတယ်။ သူ့ရဲ့အကောင်းဆုံးအကြံပြုချက်တွေအနက် တစ်ခုကတော့ ကစားသမားတွေဆီ ကိုယ်ပြောခဲ့တဲ့အတိုင်း ကိုယ်တိုင်မဖြစ်မနေလုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီအပိုင်းမှာတော့ သူက တကယ့်ကိုကောင်းလွန်းပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်က တစ်ခုခုကို ကတိပေးပြီးသွားရင်း အဲ့ဒီကတိကို မဖြစ်မနေစောင့်ထိန်းလေ့ရှိပါတယ်။ ကျွန်တော်လည်း အဲ့ဒီလိုပဲ ကြိုးစားသွားပါမယ်။ ကိုယ်တစ်ခုခုပြောမယ်ဆိုရင် ဒါက ကိုယ့်ရဲ့ကစားသမားတွေနဲ့ ဝန်ထမ်းတွေအတွက် အဓိပ္ပါယ်တစ်ခုခုရှိနေရပါမယ်။ ကျွန်တော်က နည်းပြကောင်းတွေလက်အောက် အလုပ်လုပ်ခွင့် ရရှိခဲ့ပါတယ်။ အာစင်ဝင်းဂါးကတော့ ကစားသမားတွေကို ယုံကြည်မှုနဲ့ အခွင့်အလမ်းတွေပေးတဲ့နေရာမှာ တကယ့်ကို ဆရာကျပါတယ်။ ကျွန်တော့်ရဲ့ချဉ်းကပ်မှုပုံစံနဲ့ ကျွန်တော့်ရဲ့စီမံခန့်ခွဲမှုတစိတ်တပိုင်းအဖြစ် ဒီအချက်ကို ထည့်သွင်းသွားဖို့ ကြိုးစားပါမယ်”လို့ ပြောပါတယ်။
ဗန်ပါစီက ဖာဂူဆန်၊ အာစင်ဝင်းဂါးတို့လို နာမည်ကျော်နည်းပြကြီးတွေနဲ့ အလုပ်တွဲလုပ်ခွင့်ရရှိတဲ့အထိ ကံကောင်းလွန်းခဲ့ပါတယ်။ သူက ဟီရန်ဗင်းအသင်းနဲ့အတူ နည်းပြဘဝကို အပေါင်းလက္ခဏာဆောင်တဲ့ပုံစံမျိုးနဲ့ စတင်လာခဲ့ပြီးနောက် ဖီယင်နုမှာ နောက်ထပ်ကြီးမားတဲ့စမ်းသပ်မှုနဲ့ ရင်ဆိုင်သွားရပါမယ်။ လာမယ့်စနေနေ့၊ NEC အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမယ့်ဒတ်ချ်လိဂ်ပွဲစဉ်က ဗန်ပါစီအတွက် ဖီယင်နုနည်းပြဘဝပွဲဦးထွက် ဖြစ်လာပါလိမ့်မယ်။