
မန်စီးတီးစတားတစ်ဦးထံကနေ အများကြီးသင်ယူရမယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ရီဂျန်ဒါ
စီးတီးကစားသမားသစ် ရီဂျန်ဒါက သူ့အနေနဲ့ မန်ချက်စတာကိုပြောင်းလာပြီးနောက် အသင်းဖော် ဂန်ဒိုဂန်ဆီကနေ အများကြီးသင်ယူရမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အေစီမီလန်ထံကနေ ပေါင် ၄၆.၅ သန်းနဲ့ပြောင်းလာပြီးနောက် နယ်သာလန်သားဟာ စီးတီးအသင်းနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်မြေမှာ ပူးပေါင်းနေတာဖြစ်ပါတယ်။
အဆိုပါအခြေအနေမှာ ရီဂျန်ဒါက သူ့အနေနဲ့ စီးတီးအသင်းဖော် ဂန်ဒိုဂန်ဆီကနေ သင်ယူဖို့အခွင့်အရေးရမယ်လို့ ထင်မြင်နေပါတယ်။ ရီဂျန်ဒါကို စီးတီးဂန္ထဝင် ဒီဘရိုင်းနဲ့ခိုင်းနှိုင်းနေကြပေမယ့် သူကိုယ်တိုင်က အဆိုပါခိုင်းနှိုင်းမှုတွေကို ပယ်ချခဲ့ပါတယ်။
“ကျွန်တော် ကီဗင်ဗီဒီယိုတွေကိုကြည့်ဖြစ်ပါတယ်။ ဒါပေမယ့် ဂန်ဒိုဂန်က ကျွန်တော်အများကြီးသင်ယူရမယ့်ကစားသမားတွေထဲကတစ်ယောက်ပါ။ အခုလိုသူနဲ့အနီးကပ်နေရမှာ တကယ်ကောင်းသလို သူဘာလုပ်နိုင်လဲဆိုတာကို မြင်ရမှာပါ”လို့ ရီဂျန်ဒါက ဖြေကြားခဲ့ပါတယ်။ အေစီမီလန်အသင်းဟာ အဆင့် ၈ နေရာမှာသာ ရပ်တည်ခဲ့ပေမယ့် ရီဂျန်ဒါက ပြီးခဲ့တဲ့ရာသီတုန်းက အေစီမီလန်ရဲ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ခဲ့သလို ပြိုင်ပွဲစုံ ၁၅ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
ပထမရာသီတုန်းက အီတလီမြေမှာ အနည်းငယ်ရုန်းကန်ခဲ့ရပြီး အယ်ခမာအသင်းထံကနေ ပေါင် ၁၇ သန်းနဲ့ပြောင်းရွှေ့လာပြီးနောက် ၄ ဂိုးသာသွင်ယူနိုင်ခဲ့ပါတယ်။ လက်ရှိစီးတီးမှာတော့ သူ့အနေနဲ့ ဂိုးတွေပိုသွင်းယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ “ပြီးခဲ့တဲ့ရာသီတုန်းက မီလန်နဲ့အတူ ကျွန်တော်ဂိုးတွေအများကြီးသွင်းယူနိုင်ခဲ့ပါတယ်။ ကွင်းလယ်လူတစ်ဦးအနေနဲ့ အခုလိုမျိုးဂိုးတွေသွင်းယူနိုင်တာက အရမ်းအရေးပါပါတယ်။ ကျွန်တော် စီးတီးမှာလည်း အဲ့လိုမျိုးထပ်သွင်းချင်ပါတယ်။ မီလန်နဲ့ပထမရာသီမှာတုန်းက ကျွန်တော်ခေါင်းအေးအေးမရှိခဲ့တာကြောင့် ဂိုးတွေနည်းခဲ့ပါတယ်။ အဲ့နောက် ကျွန်တော်ကန်ခဲ့တဲ့ဗီဒီယိုတွေကို ပြန်လေ့လာပြီး တိုးတက်လာအောင်လုပ်ဆောင်ခဲ့ပါတယ်။
ဒုတိယရာသီမှာတော့ ပိုမိုတိုးတက်လာခဲ့ပြီး ဂိုးရှေ့မှာလည်း တည်ငြိမ်လာပါတယ်”လို့ ရီဂျန်ဒါက ပြောကြားခဲ့ပါတယ်။ စီးတီးအသင်းနဲ့အတူ ရီဂျန်ဒါတစ်ယောက် ပထမပွဲဦးထွက်ပါဝင်ခွင့်ရဖွယ်ရှိနေပြီး လာမယ့် ကာဆာဘလန်ကာအသင်းနဲ့ပွဲမှာ ပါဝင်လာနိုင်ချေရှိနေပါတယ်။ ဂွါဒီယိုလာကတော့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွင်းလယ်ပိုင်းကို အလှည့်ကျအသုံးပြုဖို့ ပြင်ဆင်နေပြီး နယ်သာလန်သားအနေနဲ့ အစောပိုင်းအခွင့်အရေးမှာ သူ့အရည်အချင်းတွေကို ပြသနိုင်ဖို့ လိုအပ်နေပါတယ်။