The network connection is lost.

Banner Image

ချဲလ်ဆီးကစားသမားတွေ စိတ်ပိုင်းဆိုင်ရာတိုးတက်လာစေဖို့ စည်းကမ်းအသစ်ထုတ်ထားတဲ့ ရီစီဂျိမ်းစ်

ချဲလ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်ဟာ အသင်းဖော်တွေ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေရှိလာစေဖို့နဲ့ စည်းလုံးမှုကိုပြသနိုင်ဖို့အတွက် အသင်းမှာ စည်းကမ်းအသစ်ကို စတင်မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။ အသက်-၂၅ နှစ်အရွယ်သာရှိသေးတဲ့ ဂျိမ်းစ်ဟာ ၂၀၂၃ ခုနှစ်ကတည်းက ချဲလ်ဆီးရဲ့အသင်းခေါင်းဆောင်ရာထူးကို စတင်တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်ပြီး အင်္ဂလန်သားရဲ့ဦးဆောင်မှုအောက်မှာချဲလ်ဆီးဟာ စည်းစည်းလုံးလုံးနဲ့တိုးတက်တဲ့အသင်းတစ်သင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။

လက်ရှိချဲလ်ဆီးအသင်းမှကစားသမားတွေအားလုံးရဲ့ ပျမ်းမျှအသက်ဟာ ၂၃.၂ နှစ်သာရှိတာကြောင့် ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံးအသင်းအဖြစ်မှတ်တမ်းဝင်နေသလို၊ ဂျိမ်းစ်ကလည်း ၂၅ နှစ်သာရှိသေးပေမယ့် အသင်းမှာတော့ အသက်ကြီးတဲ့ကစားသမားစာရင်းထဲမှာ ပါဝင်နေသူဖြစ်ပါတယ်။

ယခုအခါမှာတော့ ရီစီဂျိမ်းစ်ဟာ အသင်းရဲ့ကစားသမားတွေအတွက် စည်းကမ်းချက်အသစ်ထုတ်ပြန်လာခဲ့ပြီး အဆိုပါစည်းကမ်းချက်အရ ချဲလ်ဆီးကစားသမားတွေဟာ ပွဲစဉ်တွေရဲ့ ပထမပိုင်းပြီးချိန်တွေမှာ ဥမင်လှိုဏ်ခေါင်းထဲသို့ တစ်ဦးချင်းစီခွဲပြီး ဝင်ရောက်ခွင့်မရှိတော့ဘူးလို့သိရပါတယ်။ 

ချဲလ်ဆီးကစားသမားတွေဟာ ဂျိမ်းစ်ချမှတ်လိုက်တဲ့စည်းကမ်းချက်အရ လာမယ့်ပွဲစဉ်တွေမှာ ဥမင်လှိုဏ်ခေါင်းထဲသို့ တစ်စုတစ်စည်းတည်းဝင်ရောက်သွားရတော့မှာဖြစ်ပါတယ်။ ဂျိမ်းစ်အနေနဲ့ အခုလိုစည်းကမ်းထုတ်လိုက်ခြင်းမှာ အသင်းရဲ့စည်းလုံးမှုကိုပြသဖို့နဲ့ ကစားသမားတွေအကြားရင်းနှီးမှုကိုတိုးတက်စေဖို့ဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။ အဆိုပါစည်းကမ်းချက်ကို ဂျိမ်းစ်တစ်ယောက်တည်းသဘောနဲ့ ပြုလုပ်ခဲ့တာမဟုတ်ဘဲ ချဲလ်ဆီးအသင်းခေါင်းဆောင်စာရင်းထဲမှာပါဝင်နေတဲ့ အန်ဇိုဖာနန်ဒက်ဇ်၊ ကိုင်စီဒိုနဲ့ အဒါရာဘီအိုယိုတို့ကလည်း သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။ 

ဒဏ်ရာပြဿနာတွေကို ကျော်လွှားလာနိုင်တဲ့ဂျိမ်းစ်ဟာ ယခုအခါမှာတော့ အသင်းအတွက်ပုံမှန်ပွဲထွက်ကစားခွင့်ရထားပြီး ဒီရာသီ ချဲလ်ဆီးရဲ့ပြိုင်ပွဲစုံ ၁၄ ပွဲစလုံးမှာ ပါဝင်ခွင့်ရထားတာဖြစ်ပါတယ်။ အင်္ဂလန်သားရဲ့ကြံ့ခိုင်မှုအားကောင်းလာခြင်းနဲ့ပတ်သက်ပြီး နည်းပြအန်ဇိုမာရက်စ်ကာက "ကျွန်တော်တို့ ဂျိမ်းစ်ကို အတက်အဆင်းတွေမလုပ်ခိုင်းဘဲ သက်တောင့်သက်သာကစားစေပါတယ်"

"နောက်ခံလူတစ်ယောက်ကို မတူညီတဲ့ပုံစံနဲ့အသုံးပြုချင်တဲ့အခါ ဒီနည်းလမ်းက အရေးကြီးတဲ့အချက်ပါ။ ဒါကြောင့် ဂျိမ်းစ်ကလည်း အသင်းအတွက် ၃ ရက် ၁ ပွဲကစားဖို့ အမြဲတမ်းအဆင့်သင့်ဖြစ်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။