ချဲလ်ဆီးဆီ ပြန်လည်ပူးပေါင်းလာမယ့် အန်ဇိုဖာနန်ဒက်ဇ်နဲ့ ပတ်သက်လို့ အမြင်ကိုထုတ်ပြောလာတဲ့ ရီစီဂျိမ်းစ်နဲ့ မာရက်စ်ကာ
ကိုပါအမေရိကချန်ပီယံအောင်ပွဲအတွက် အာဂျင်တီးနားအသင်းဖော်တွေနဲ့အတူရှိနေစဉ် ပေါ်ပေါက်လာတဲ့ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ဗီဒီယိုမှတဆင့် ဖြစ်တည်လာသော စိတ်ဆိုးစိတ်ပျက်မှုတွေကို အလျှင်အမြန်ကျော်လွှားကာ ချဲလ်ဆီးအနေဖြင့် ရှေ့ဆက်နိုင်ရေး ကြိုးပမ်းနေတယ်လို့ ရီစီဂျိမ်းစ်နဲ့ နည်းပြမာရက်စ်ကာတို့က အခိုင်အမာဖွင့်ဟပြောဆိုလိုက်ပါတယ်။
ကိုလံဘီယာကိုအနိုင်ယူခဲ့တဲ့ ကိုပါအမေရိကဖလားဗိုလ်လုပွဲအပြီး ပြင်သစ်အသင်းနဲ့ ပတ်သက်လို့ အာဂျင်တီးနား အသင်းဖော်တွေရဲ့ လူမျိုးရေးခွဲခြားမှုသီချင်းကို အန်ဇိုဖာနန်ဒက်ဇ်က ဖုန်းကင်မရာဖြင့် ဗီဒီယိုမှတ်တမ်းတင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ချဲလ်ဆီးအသင်းက ကစားသမားအပေါ် ကလပ်အသင်းရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စုံစမ်းစစ်ဆေးသွားရန် ပြင်ဆင်လာခဲ့ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အာဂျင်တီးနားပရိသတ်တွေ စတင်သီဆိုခဲ့တဲ့ လူမျိုးရေးခွဲခြားမှုသီချင်းမှာ ပြင်သစ်ကစားသမားတွေအားလုံး အန်ဂိုလာဖွားတွေဖြစ်တယ်ဆိုတဲ့စာသား ပါဝင်နေပါတယ်။ ဒါက ပြင်သစ်စတားအမ်ဘာပေနဲ့ ကပြားမော်ဒယ်လ်အင်နက်စ်ရာအူတို့စုံတွဲအပေါ် မသတီစရာရည်ညွှန်းသီဆိုမှုလို့ သတင်းတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်ကိုယ်တိုင်လည်း ချဲလ်ဆီးအသင်းမှာ ဘာဒီယာရှီလီ၊ ဒီဆာစီ၊ ဖိုဖာနာ၊ ဂတ်စ်တို၊ အန်ကွန်ကူ၊ အူဂိုချူကူတို့လို ပြင်သစ်လက်ရွေးစင်လူမည်းကစားသမားတွေနဲ့အတူ တွဲဖက်ကစားနေရပါတယ်။
ဖိုဖာနာက “ ၂၀၂၄ ခုနှစ် ဘောလုံးလောကအတွင်း တားမြစ်ထားတဲ့ လူမျိုးရေးခွဲခြားမှု”ဆိုတဲ့ စာသားနဲ့အတူ အန်ဇိုဖာနန်ဒက်ဇ်ရိုက်ကူးထားတဲ့ ဗီဒီယိုကို X လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ ဒါ့အပြင် ဖိုဖာနာ၊ ဂတ်စ်တိုနဲ့ ဒီဆာစီတို့က Instagram လူမှုကွန်ရက်မှာ အာဂျင်တီးနားလက်ရွေးစင်ကို unfollow လုပ်ခဲ့ကြပါတယ်။
အင်္ဂါနေ့ညနေပိုင်း၊ အမေရိကန်နိုင်ငံသတင်းစာရှင်းလင်းပွဲအတွင်း အန်ဇိုဖာနန်ဒက်ဇ်ရဲ့အခြေအနေအပေါ် သူ့ရဲ့အမြင်ကို မေးမြန်းလာချိန် မာရက်စ်ကာက “အန်ဇိုဖာနန်ဒက်ဇ်ဘက်က တောင်းပန်ကြောင်း စာထုတ်ပြန်ပြီးပြီဆိုတော့ အခြေအနေအရပ်ရပ်က အတော်လေးလွယ်ကူလာမယ်လို့ ထင်ပါတယ်။ ကလပ်အသင်းဘက်ကလည်း ဒီအတိုင်းပဲ လုပ်ဆောင်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ နောက်ထပ်ပြောစရာမရှိတော့ဘူးလို့ ထင်ပါတယ်။ ဖြစ်စဉ်ဖြစ်ရပ်တွေကို အားလုံးလည်း ရှင်းရှင်းလင်းလင်းသိထားပြီးသားဖြစ်ပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
လတ်တလော ချဲလ်ဆီးအသင်းဆီ အန်ဇိုဖာနန်ဒက်ဇ်ပြန်လည်ပူးပေါင်းလာနိုင်မှုနဲ့အတူ အခက်အခဲတစုံတရာ ရှိလာမယ်လို့ ယူဆမိသလားဆိုတဲ့ မေးခွန်းကို မာရက်စ်ကာက “အရိုးသားဆုံးပြောရရင် အဲ့ဒီလိုမျိုးတော့ ကျွန်တော်လည်း မထင်မြင်မိပါဘူး။ အဆုံးမှာတော့ သူတို့အားလုံး လူသားတွေဖြစ်ကြပါတယ်။ သူတို့ထဲမှာ တစ်ဦးဦးက မကောင်းကြံနေတာမျိုး မရှိဘူးလို့ ထင်ပါတယ်။ ဒါကြောင့် အန်ဇိုပြန်ရောက်လာချိန်ကျရင် ပြဿနာတစုံတရာရှိလာမယ်လို့ မထင်ပါဘူး။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ကစာသမားတွေက အခြေအနေကို ရှင်းရှင်းလင်းလင်းသိထားပြီးသားပါ။ ကလပ်အသင်းဘက်ကလည်း အလားတူလုပ်ဆောင်ခဲ့ပါတယ်။ နောက်ထပ်ပြောနေစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ သူတို့အားလုံး လူဆိုးလူမိုက်တွေမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဖြစ်ခဲ့တာတွေလည်း ဖြစ်ပြီးသွားပါပြီ။ ဒါပေမယ့် ပြဿနာတစ်ခုခုရှိလာမယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်ကိုယ်တိုင် အန်ဇိုနဲ့ စကားပြောခဲ့ပါတယ်။ အခြားသူတွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော် ပြောခဲ့သလိုပါပဲ၊ ကစားသမားကိုယ်တိုင်က တောင်းပန်ကြောင်းစာထုတ်ပြန်ပြီးပြီဆိုတော့ အားလုံးလည်း ရှင်းရှင်းလင်းလင်းဖြစ်သွားပါပြီ”လို့ တုံ့ပြန်ခဲ့ပါတယ်။
အလားတူ ချဲလ်ဆီးကပ္ပတိန်ရီစီဂျိမ်းစ်က အန်ဇိုဖာနန်ဒက်ဇ်ပြန်လည်ရောက်ရှိလာချိန်မှာ ပေါ်ပေါက်လာနိုင်တဲ့ အငြင်းပွားမှုတွေကို ဦးဆောင်ဖြေရှင်းပေးသွားပါမယ်လို့ ဆိုပါတယ်။
ဂျိမ်းစ်က “တကယ့်ကိုခက်ခဲတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်ကိုယ်တိုင်လည်း သူ အမှားလုပ်မိတယ်ဆိုတာ သိသွားပါပြီ။ ဒါကြောင့် ချက်ချင်းဆိုသလိုပဲ နစ်နာခဲ့ရသူတွေ၊ အသင်းဖော်တွေနဲ့ ကလပ်အသင်းဆီကို တောင်းပန်ခဲ့ပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်က အခုထိတော့ အသင်းနဲ့ မပူးပေါင်းနိုင်သေးပါဘူး။ ဒါကြောင့် တစ်ခုခုလုပ်ပေးရဦးမလားဆိုတာ ကျွန်တော်လည်း မသိပါဘူး။ သူပြန်ရောက်လာတဲ့အချိန်ကျရင် ဒီကိစ္စကို ကျွန်တော် ကြားဝင်ညှိနှိုင်းပေးသွားဦးမှာပါ။ ဒါပေမယ့် အားလုံးက စိတ်တူကိုယ်တူနဲ့ ဒီအခြေအနေကနေ ရှေ့ဆက်နိုင်အောင် လုပ်ဆောင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်နဲ့ရော၊ အခြားပါဝင်ပတ်သက်သူတွေနဲ့ရော ကျွန်တော် စကားပြောပြီးပါပြီ။ ထပ်ပြောရဖို့ လိုအပ်နေသေးတယ်ဆိုရင် အေးအေးဆေးဆေးကျမှ ထပ်ပြောသွားပါမယ်”လို့ ပြောပါတယ်။