
ကိုပါဒယ်လ်ရေးဖလားဖိုင်နယ်မတိုင်ခင် ဒဏ်ရာပြဿနာသံသယနဲ့ ရင်ဆိုင်နေရတဲ့ မက်ဒရစ်ကြယ်ပွင့်နှစ်ဦး
ဂီတာဖေးကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ဒီနေ့မနက်ပိုင်း၊ လာလီဂါပွဲစဉ်အတွင်း ဒဏ်ရာကိုယ်စီရရှိပြီးနောက် လာမယ့်စနေနေ့၊ ဘာစီလိုနာနဲ့ရင်ဆိုင်ရမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ကိုပါဒယ်လ်ရေးဖလားဗိုလ်လုပွဲအတွက် အလာဘာနဲ့ ကာမာဗင်ဂါတို့ ကြံ့ခိုင်မှုပြည့်ဝနေဖို့ဆိုတာ အလွန်ခက်ခဲပါလိမ့်မယ်လို့ အန်ဆယ်လော့တီက အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။
အခုအဝေးကွင်းပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း နောက်ခံလူအလာဘာ သက်သောင့်သက်သာမရှိတော့လို့ ကွင်းလယ်ကစားသမားကာမာဗင်ဂါနဲ့ လူစားလဲလှယ်ခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းအရောက် ကာမာဗင်ဂါလည်း ဆက်မကစားနိုင်တော့လို့ ရီးရဲလ်မက်ဒရစ်တို့ လက်ကျန်ကစားသမား ၁၀ ဦးနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အခုသီတင်းပတ်ကုန်ဗိုလ်လုပွဲအတွက် ကာမာဗင်ဂါ ပါဝင်ကစားပေးနိုင်မယ့် အလားအလာနဲ့ပတ်သက်လို့ မေးမြန်းလာမှုကို အန်ဆယ်လော့တီက “ မနက်ဖြန်လောက်အထိ စောင့်ကြည့်သွားရပါမယ်။ သူရော၊ အလာဘာပါ ကြွက်သားပိုင်းဆိုင်ရာ မသက်မသာအခြေအနေတစ်ရပ်ကို ခံစားနေရပါတယ်။ စနေနေ့ပွဲစဉ်အတွက် ကြံ့ခိုင်မှုပြည့်ဝနေဖို့ဆိုတာ အလွန်ခက်ခဲပါလိမ့်မယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။
အီတာလျံသားရဲ့အခုလိုအတည်ပြုပေးမှုနဲ့အတူ အလာဘာနဲ့ ကာမာဗင်ဂါတို့ မကစားနိုင်ချိန် မန်ဒီလည်း ဒဏ်ရာရရှိနေလို့ ခံစစ်ဘယ်အစွန်လူနေရာမှာ ရီးရဲလ်မက်ဒရစ်အတွက် ရွေးချယ်စရာအဖြစ် ဖရန်ဂါစီယာ တစ်ဦးတည်းသာ ကျန်ရှိပါတော့တယ်။ ဂီတာဖေးကို အနိုင်ရရှိမှုကြောင့် ရီးရဲလ်မက်ဒရစ်က လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ ဘာစီလိုနာနဲ့ အမှတ်ကွာဟမှုကို လေးမှတ်အထိ ပြန်လျှော့ချထားနိုင်ပြီး ကိုပါဒယ်လ်ရေးဖလားဖိုင်နယ်ဆီ ခရီးဆက်လာခဲ့ပါတယ်။ လက်ရှိမှာ အန်ဆယ်လော့တီရဲ့အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာလာရမှုကို ကုစားနိုင်ဖို့ ကြံရွယ်နေပုံရပါတယ်။
လာမယ့်စနေနေ့ဗိုလ်လုပွဲမှာ အနိုင်ရရှိဖို့ ရေပန်းစားနေတဲ့အသင်းအဖြစ် ပြိုင်ဘက်ဘာစီလိုနာကို သတ်မှတ်ပေးနိုင်မလားဆိုတဲ့မေးခွန်းကို အန်ဆယ်လော့တီက “ ဒါ ဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်ပါတယ်။ ရေပန်းစားတဲ့အသင်းတစ်ခု ရှိကောင်းရှိနိုင်ပေမယ့် ဗိုလ်လုပွဲတစ်ခုမှာဆိုရင် ဘာမဆိုဖြစ်သွားနိုင်ပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် အန်ဆယ်လော့တီက ဂီတာဖေးနဲ့ပွဲစဉ်မှာအနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ အာဒါဂူလာရဲ့ရေရှည်အနာဂတ်ဟာ တိုက်စစ်ပိုင်းနေရာထက် ဗဟိုကွင်းလယ်လူနေရာမှာ ရှိနေတယ်လို့ ယုံကြည်နေပါတယ်။
အန်ဆယ်လော့တီက “ ၄-၄-၂ ကစားကွက်ရဲ့ Double Pivot နေရာမှာ အာဒါဂူလာ မကစားနိုင်ပါဘူး။ အဲ့ဒီကစားပုံမှာဆိုရင် သူက ညာတောင်ပံနေရာမှာပဲ ကစားနိုင်ပါတယ်။၄-၃-၃ မှာဆိုရင်တော့ သူက ကွင်းလယ်လူအဖြစ် ကစားနိုင်ပါတယ်။ တစ်ဦးချင်းရင်ဆိုင်မှုတွေမှာ အားနည်းနေသေးပေမယ့် ကြိုးကြိုးစားစားကစားသလို ဂိုးသွင်းရုံတင်မဟုတ်ဘဲ ကစားကွက်ကိုလည်း စီမံခန့်ခွဲနိုင်တဲ့ အရည်အသွေးမျိုး သူ့မှာ ရှိပါတယ်။ ကျွန်တော့်အထင် သူရဲ့အနာဂတ်က တိုက်စစ်ပိုင်းထက် ကွင်းလယ်နေရာတွေမှာ ရှိနေပါတယ်”လို့ ပြောပါတယ်။