ဒဏ်ရာကြောင့် ပြင်သစ်အသင်းရဲ့စခန်းသွင်းလေ့ကျင့်မှုအစီအစဉ်မှ နုတ်ထွက်သွားတဲ့ အမ်ဘာပေ
အမ်ဘာပေက ပြင်သစ်လက်ရွေးစင်အသင်းမှနုတ်ထွက်ကာ သူ့ရဲ့ဒဏ်ရာရနေတဲ့ခြေကျင်းဝတ်ကို စစ်ဆေးမှုပြုလုပ်ဖို့ မက်ဒရစ်မြို့ဆီ ပြန်သွားပြီလို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်မှ သောကြာနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက်-၂၆ နှစ်အရွယ် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးက ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံတွေကို လာမယ့်နှစ်ပြိုင်ပွဲကြီးဆီ အရောက်ပို့ပေးနိုင်ဖို့အတွက် ကြာသပတေးနေ့၊ ပါရီမြေမှာ ယူကရိန်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း နှစ်ဂိုးသွင်းယူခဲ့ပါတယ်။
ဒီသွင်းဂိုးနှစ်ဂိုးကြောင့်ပဲ သူ့ရဲ့ကစားသမားဘဝသွင်းဂိုးအရေအတွက်က ၄၀၀ ပြည့်မြောက်သွားပေမယ့် လာမယ့်တနင်္ဂနွေနေ့၊ အဇာဘိုင်ဂျန်နဲ့ပွဲစဉ်ကို သေချာပေါက်လွဲချော်သွားပါလိမ့်မယ်။ လတ်တလောမှာ အမ်ဘာပေရဲ့ခြေကျင်းဝတ်က ယောင်ရမ်းပြီး နာကျင်ကိုက်ခဲနေလို့ ဒက်စ်ချမ့်စ်နဲ့ ရီးရဲလ်မက်ဒရစ်ဆေးအဖွဲ့ရဲ့ဆုံးဖြတ်ချက်အရ ကစားသမားကို အိမ်ပြန်ခွင့်ပေးလိုက်ပါတယ်။ အမ်ဘာပေအတွက် အခုလိုဒဏ်ရာပြဿနာကြုံတွေ့နေရတာ အချိန်ကာလတစ်ခု ကြာမြင့်နေပါပြီ။
ဒဏ်ရာနဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိဘူးလို့ ESPN ရဲ့သတင်းရင်းမြစ်တွေထံမှ သိရပေမယ့် ဒဏ်ရာကို မက်ဒရစ်မှာ ဓါတ်မှန်ရိုက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား ကာမာဗင်ဂါလည်း ကြွက်သားဒဏ်ရာပြဿနာအချို့ကြောင့် ပြင်သစ်အသင်းလေ့ကျင့်ရေးကွင်းမှ ထွက်ခွာသွားပြီးနောက် အမ်ဘာပေရဲ့သတင်း ထွက်ပေါ်လာခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်က နိုဝင်ဘာ ၂၆ ရက်၊ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အိုလံပီယာကို့စ်ကိုရင်ဆိုင်ဖို့ အေသင်မြို့ဆီ မထွက်ခွာခင် နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့မှာ အယ်လ်ချီနဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။