
ရေးဗားပလိတ်စတားကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ပီအက်စ်ဂျီ
ရီးရဲလ်အသင်းဘက်က စာချုပ်ဖျက်သိမ်းကြေးမပေးချေနိုင်တဲ့အနေအထားမှာ ပီအက်စ်ဂျီအသင်းဟာ ရေးဗားပလိတ်ဆယ်ကျော်သက်စတား ဖရန်ကိုအားခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ အသက် ၁၇ နှစ်သားဟာ ရီးရဲလ်အသင်းရဲ့ချိတ်ဆက်ခြင်းခံခဲ့ရပေမယ့် စာချုပ်ဖျက်သိမ်းကြေးပေါင် ၃၈ သန်းပေးချေဖို့ကို တွန့်ဆုတ်ခဲ့တာဖြစ်ပါတယ်။
ရိုမာနိုရဲ့အဆိုအရ ပီအက်စ်ဂျီအသင်းဟာ ရက်သတ္တပတ်များစွာ ဆွေးနွေးခဲ့ပြီးနောက် ဖရန်ကိုအားခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ ပြောကြားလိုက်ပြီး အပြီးသတ်သဘောတူညီမှုတော့ မရသေးဘူးလို့ သိရပါတယ်။ စပေါ့တ်သတင်းဌာနက ရီးရဲလ်အသင်းဟာ ဖရန်ကိုကိုခေါ်ယူလိုက်မယ်ဆိုရင် လက်ရှိလူငယ်စတားတွေဖြစ်တဲ့ ဂူလာ နဲ့ နီကိုပက်ဇ်တို့ကို ထိခိုက်မှာစိုးရိမ်နေတယ်လို့ သိရပါတယ်။
မက်စတန်အူနိုဟာ အာဂျင်တီးနားရဲ့ထွန်းတောက်လာမယ့်လူငယ်တွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး အသက် ၁၆ နှစ်အရွယ်မှာကတည်းက ရေးဗားပလိတ်စီနီယာအသင်းမှာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။ ဒါ့အပြင် နည်းပြ စကာလိုနီရဲ့အာဂျင်တီးနားစီနီယာအသင်းဆီကနေ ခေါ်ယူခြင်းလည်း ခံထားရပါတယ်။ လာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဖရန်ကိုအနေနဲ့ အာဂျင်တီးနားအသင်းနဲ့အတူ ပါဝင်လာမှာဖြစ်ပြီး ပွဲထွက်ခွင့်ရခဲ့ရင် မက်ဆီထက်တောင် အသက်ငယ်တဲ့စံချိန်တင်နိုင်မှာဖြစ်ပါတယ်။
ပီအက်စ်ဂျီဘက်က အဆိုပါအပြောင်းအရွှေ့ကို အပြီးသတ်ဖို့လုပ်ဆောင်နေပြီး အာဂျင်တီးနားကလပ်ဘက်က ကနဦးကမ်းလှမ်းမှုတောင် မရသေးတာဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်ရက်အနည်းငယ်အတွင်းမှာ ညှိနှိုင်းမှုတွေက လျင်မြန်လာဖွယ်ရှိနေပြီး ပီအက်စ်ဂျီစတားဖြစ်လာဖို့ အခြေအနေကောင်းနေပါတယ်။