The network connection is lost.

Banner Image

လူကာကူထံမှ သင်ယူဖို့ နာပိုလီမှာဆက်နေသွားမယ်လို့ ပြောကြားလိုက်တဲ့ ဟွိုက်လန်း

မန်ချက်စတာယူနိုက်တက်မှ နာပိုလီသို့ တစ်ရာသီအငှားစာချုပ်နဲ့ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းက အီတလီမြေမှာဆက်နေပြီး ဝါရင့်တိုက်စစ်မှူး ရိုမီလူလူကာကူထံမှ အတွေ့အကြုံတွေသင်ယူသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။  အိုးလ်ထရက်ဖို့ဒ်မှာနေထိုင်ခဲ့စဉ်က ဟွိုက်လန်းအနေနဲ့ ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရသလို ပုံမှန်ပွဲထွက်ခွင့်ပါပျောက်ဆုံးခဲ့ပေမယ့် နာပိုလီမှာတော့ ထိပ်တန်းခြေစွမ်းကိုပြန်လည်ရရှိနေပြီး သွင်းဂိုးတွေလည်း သွင်းယူပေးထားနိုင်ပြီဖြစ်ပါတယ်။ 

ဒိန်းမတ်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်မှထွက်ခွာလိုခြင်းမရှိခဲ့ဘဲ နည်းပြရူဘင်အာမိုရင်ရဲ့ဦးဆောင်မှုအောက်မှာ နေရာအတွက်တိုက်ပွဲဝင်လိုခဲ့ပေမယ့် အရန်လူစာရင်းမှာတောင် ပါဝင်ခွင့်မရခဲ့တာကြောင့် နာပိုလီသို့အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း အဆိုပါအငှားစာချုပ်ရဲ့သဘောတူညီချက်အရ ရာသီကုန်ပါက နာပိုလီအနေနဲ့ ကစားသမားကို ပေါင် ၃၈ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ရှိနေပါတယ်။ 

ယခုအခါမှာ ဟွိုက်လန်းက "ကျွန်တော် ဒိန်းမတ်ကနေ ထွက်လာတော့ ဩစတြီးယားမှာ သွားကစားခဲ့ဖူးပါတယ်။ ဒါကြောင့် အခု အသက်-၂၂ နှစ်ပဲရှိသေးပေမယ့် အတွေ့အကြုံအတော်လေးရှိနေပါပြီ။ ကျွန်တော် ‌နာပိုလီမှာဆက်နေဖို့ စိတ်ကူးထားပါတယ်။ ဒီမှာနေရတာလည်း ပျော်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

နာပိုလီတိုက်စစ်မှူး လူကာကူထံမှာ သင်ယူနေကြောင်းကိုလည်း ဟွိုက်လန်းက "လူကာကူနေရာမှာအစားထိုးလို့ရနိုင်တာ ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။ လော်ရန်ဇိုနဲ့ အမ်ဘရိုဆီနိုတို့လည်း အသင်းမှာရှိပါတယ်။ ကျွန်တော်တို့ လူကာကူပြန်ကစားနိုင်မယ့်အချိန်ကိုလည်း စိတ်အားထက်သန်စွာစောင့်ဆိုင်းနေပါတယ်။ သူ့ဆီကနေ အတွေ့အကြုံတွေသင်ယူသွားရဦးမှာပါ " လို့ပြောကြားခဲ့ပါတယ်။

ဟွိုက်လန်းဟာ နည်းပြအန်တိုနီယိုကွန်တီရဲ့ ကစားကွက်မှာလျင်လျင်မြန်မြန်ပဲအသားကျလာခဲ့တာဖြစ်ပြီး ဒီရာသီစီးရီးအေမှာ နာပိုလီကလည်း ပွဲစဉ်တိုင်းကို အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ပါတယ်။ လာမယ့်စီးရီးအေပွဲစဉ်မှာတော့ နာပိုလီဟာ အေစီမီလန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဟွိုက်လန်းတစ်ယောက် အသင်းအတွက် ဂိုးတွေထပ်သွင်းနိုင်မလား စောင့်ကြည့်ရပါမယ်။