The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့အခြေအနေကို သူ့ကြောင့်ပိုဆိုးစေမှာမဟုတ်ကြောင်း အသင်းဖော်တွေကို ကတိပေးလာတဲ့ ရက်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်က အသင်းရဲ့ဆိုးဝါးနေတဲ့ အခြေအနေတွေကို သူ့ကြောင့်ပိုဆိုးစေမှာမဟုတ်ကြောင်း အသင်းဖော်တွေကို ကတိပေးလာခဲ့ပြီး လိုအပ်ပါက အသင်းကနေထွက်ခွာသွားဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

အသက်-၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်သို့ အသက်-၇ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့သူဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ နှစ်ပေါင်း ၂၀ ကြာနေထိုင်ခဲ့ပြီးဖြစ်ပေမယ့် ဒီရာသီမှာတော့ ခြေစွမ်းပြဖို့ရုန်းကန်နေရတာကြောင့် အသင်းကနေရောင်းချခံရဖွယ်ရှိနေတာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ယူနိုက်တက်စီနီယာအသင်းအတွက် ၉ နှစ်ကြာကစားပေးနိုင်ခဲ့ပေမယ့် မကြာသေးမီကာလတွေမှာ ပုံမှန်ခြေစွမ်းအောက်ကိုရောက်နေတာကြောင့် ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရသလို၊ အင်္ဂလန်အသင်းအတွက်လည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာကတည်းက ပါဝင်ကစားခွင့်မရခဲ့ပါဘူး။ 

ယခုအခါမှာတော့ ကလပ်အတွက်ရော နိုင်ငံအတွက်ပါ ခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့ ကစားသမားက “ကျွန်တော့်အနေနဲ့ အခြေအနေတစ်ခုကို ဆိုးနေတယ်လို့သိရင် ပိုဆိုးအောင်လုပ်မှာမဟုတ်ပါဘူး။ အတိတ်မှာ အသင်းကိုအကျိုးမပြုနိုင်ဘဲ ဆက်ရှိနေခဲ့တဲ့ ကစားသမားတွေရှိခဲ့ပါတယ်။ ကျွန်တော်ကအဲဒီလိုကစားသမားမျိုးမဖြစ်ချင်ပါဘူး။ အသင်းကနေထွက်မယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ပြီးမှ ထွက်ခွာသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။
 
ယူနိုက်တက်သမိုင်းတစ်လျှောက် ၁၂ ယောက်မြောက်ဂိုးအများဆုံးသွင်းယူပေးထားနိုင်တဲ့ ရက်ရှ်ဖို့ဒ်က “အသင်းကနေထွက်ခွာချိန်မှာ ကျွန်တော့်အတွက် နာကျင်ရတဲ့ခံစားမှုမျိုးမဖြစ်ချင်ပါဘူး။ ကျွန်တော့်ဆီကနေ မန်ချက်စတာယူနိုက်တက်မကောင်းကြောင်းကိုလည်း ဘယ်တော့မှကြားရမှာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါသေးတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်စီးတီးကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ပွဲထွက်ကစားခွင့်မရခဲ့တဲ့အပြင် အရန်လူစာရင်းကနေပါချန်လှပ်ခံခဲ့ရတာကြောင့် လာမယ့်ဇန်နဝါရီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသွားဖို အလွန်နီးစပ်နေပြီး ယူနိုက်တက်အနေနဲ့လည်း ကစားသမားကို အရောင်းစာရင်းတင်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ 


ရက်ရှ်ဖို့ဒ်ကို လူစာရင်းကနေချန်လှပ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး နည်းပြရူဘင်အာမိုရင်က “ကျွန်တော်တို့က ကစားသမားတွေရဲ့ လေ့ကျင့်ရေးအစီအစဉ်နဲ့ သူတို့ရဲ့ ပွဲစဉ်တွေက စွမ်းဆောင်ရည်တွေကို အမြဲတမ်းတွက်ချက်နေကြပါတယ်။ 

ကစားသမားတွေအနေနဲ့ သူတို့အသင်းဖော်ကိုဘယ်လောက်အထိ တွန်းအားပေးနိုင်သလဲ၊ ဘယ်လောက်အထိအကူအညီပေးနိုင်သလဲဆိုတဲ့အချက်တွေလည်းပါပါတယ်။ ဒါကြောင့် ကစားသမားတွေကိုဒီအချက်တွေပေါ်မူတည်ပြီး ကစားခွင့်ပေးဖို့ရွေးချယ်ကြတာပါ။ ဒါက ကျွန်တော့်ရဲ့ရွေးချယ်မှုပါပဲ။ ရိုးရှင်းပါတယ်”

“ကစားသမားတွေအားလုံးက အရမ်းအရမ်းကိုတော်နေကြပါတယ်။ လူတိုင်းကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကိုနားလည်ရပါမယ်။ အသင်းရဲ့ခက်ခဲတဲ့အခြေအနေတွေကြားမှာ နိုင်ပွဲရဖို့ တတ်နိုင်သလောက် အကောင်းဆုံးတွေကိုရွေးချယ်ရတာပါပဲ။ ကျွန်တော်ကအရာအားလုံးကို အာရုံစိုက်နေပါတယ်။

ကစားသမားတွေရဲ့ စားသောက်တဲ့ပုံစံ၊ ကွင်းထဲကိုဝတ်ဆင်သွားတဲ့ အဝတ်အစားတွေကအစပါ။ အဲဒီနေ့မတိုင်ခင် မနက်ပိုင်းမှာ ကျွန်တော်တို့ လေ့ကျင့်ရေးအစီအစဉ်တစ်ခုရှိခဲ့ပါတယ်။ အဲဒီလေ့ကျင့်ရေးအစီအစဉ်က တကယ်ကောင်းခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။