ပယ်လ်မာ အရန်ခုံမှာဆက်ထိုင်နေမယ်လို့ မျှော်လင့်ကြောင်းပြောကြားလာတဲ့ ကူကူရယ်လာ
စပိန်လက်ရွေးစင်နောက်ခံလူ မာ့ခ်ကူကူရယ်လာက အင်္ဂလန်အသင်းနဲ့ရင်ဆိုင်သွားရမယ့် ယူရိုဗိုလ်လုပွဲမှာ သူ့ရဲ့ချဲလ်ဆီးအသင်းဖော် ကိုးလ်ပယ်လ်မာအနေနဲ့ ပွဲထွက်ပါဝင်ကစားခြင်းမရှိဘဲ အင်္ဂလန်ရဲ့အရန်ခုံမှာပဲ ဆက်ထိုင်နေဖို့ မျှော်လင့်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီမှာ ချဲလ်ဆီးအတွက်ပါဝင်ကစားရင်း ဖြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဝေဖန်မှုတွေမကြာခဏကြုံတွေ့ခဲ့ရတဲ့ ကူကူရယ်လာဟာ လက်ရှိ ယူရိုပြိုင်ပွဲမှာတော့ စပိန်အသင်းအတွက်အရေးပါတဲ့ ကစားသမားအဖြစ်ပါဝင်ထားနိုင်ပြီး တောက်ပတဲ့ခြေစွမ်းတွေကို ပွဲတိုင်းလိုလိုမှာ ပြသထားနိုင်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြင်သစ်ကို အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်အတွက် ပွဲထွက်ပါဝင်ရင်း ခြေစွမ်းပြသနိုင်ခဲ့တဲ့ အသက်-၂၅ နှစ်အရွယ်ကစားသမားဟာ ယခုဗိုလ်လုပွဲမှာလည်း ပွဲထွက်ကစားသမားအဖြစ် ဆက်လက်ပါဝင်သွားဖွယ်ရှိနေပါတယ်။
လက်ရှိ ယူရိုပြိုင်ပွဲမှာ စပိန်ဟာ တောက်ပတဲ့ခြေစွမ်းတွေနဲ့ ပွဲစဉ်တိုင်းကို အနိုင်ယူထားတာကြောင့် ဗိုလ်စွဲဖို့ရေပန်းအစားဆုံးဖြစ်နေပြီး ယခုဗိုလ်လုပွဲဟာ အသင်းရဲ့ ၁၂ နှစ်တာကာလအတွင်း ပထမဆုံးသော ဗိုလ်လုပွဲလည်းဖြစ်ပါတယ်။
ကူကူရယ်လာအနေနဲ့ ယခုအင်္ဂလန်နဲ့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းဖော် ပယ်လ်မာကို ပြိုင်ဘက်အဖြစ်ရင်ဆိုင်သွားရဖွယ်ရှိသော်လည်း ဂါရတ်ဆောက်ဂိတ်အနေနဲ့တော့ ပယ်မာကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသွားဖွယ်မရှိပါဘူး။ သို့သော်လည်း ပယ်မာဟာ နယ်သာလန်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာကြောင့် စပိန်နဲ့ပွဲမှာ ပွဲထွက်ခွင့်ရမလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
ကူကူရယ်လာက "ကျွန်တော် သူနဲ့စကားမပြောဖြစ်တာ တစ်ပတ်ကျော်သွားပါပြီ။ ပြီးခဲ့တဲ့ ပွဲတွေမှာတော့ စကားပြောဖြစ်ကြပါတယ်။ သူ့အနေနဲ့ ဒီပွဲမှာ မကစားဘဲ အရန်ခုံထိုင်နေတာက ကျွန်တော့်အတွက်တော့ ကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး စပိန်နည်းပြ လူးဝစ်ဒီလာဖူရန်တီက သူ့ဆီကနေ အင်္ဂလန်ကစားသမားတွေရဲ့ အချက်အလက်တွေကို တောင်းခံခဲ့သလားလို့မေးမြန်းရာ ကူကူရယ်လာက "ဒီနေ့ကျွန်တော်တို့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ အင်္ဂလိပ်ဘောလုံးအကြောင်းကို ကောင်းကောင်းသိတဲ့ ရိုဒရီ ရှိပြီးသားပါ။ သူမေးချင်ရင် ရိုဒရီကိုမေးပါလိမ့်မယ်။ ဒီပွဲကိုလည်း ပြီးခဲ့တဲ့ပွဲတွေတုန်းကလိုပဲချဉ်းကပ်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးကစားနိုင်မယ်ဆိုရင်တော့ အနိုင်ရမယ်လို့ယုံကြည်ပါတယ်" လို့ဖြေကြားခဲ့ပါတယ်။