လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မရှိခဲ့ဘူးလို့ ဝန်ခံပြောဆိုလိုက်တဲ့ ပြင်သစ်ကပ္ပတိန် အမ်ဘာပေ
ဒီနေ့မနက်ပိုင်း၊ စပိန်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းက လုံလောက်တဲ့ ကောင်းမွန်မှုမျိုး မရှိခဲ့ဘူးလို့ ပြင်သစ်အသင်း ကပ္ပတိန်အမ်ဘာပေ ဝန်ခံပြောဆိုလိုက်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲအတွင်း ခြေစွမ်းပိုင်းနိမ့်ကျခဲ့မှုတွေအတွက် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အမ်ဘာပေက “ကျွန်တော်တို့မှာ ဗိုလ်လုပွဲအဆင့်အထိတက်ရောက်ဖို့ လုံလောက်တဲ့စွမ်းဆောင်ရည်မျိုး မရှိခဲ့ပါဘူး။ စပိန်အသင်းက ကျွန်တော်တို့ထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ သူတို့တွေ ဗိုလ်လုပွဲတက်ရောက်ဖို့ ထိုက်တန်သလို ကျွန်တော်တို့ကတော့ အိမ်ပြန်ရတော့မှာပေါ့”လို့ ပြောပါတယ်။
အခုပွဲစဉ်ရဲ့ပထမပိုင်း ပွဲချိန်အတွင်း အမ်ဘာပေက မူအာနီရဲ့ဦးဆောင်ဂိုးကို ဖန်တီးပေးခဲ့ပေမယ့် စပိန်အသင်းက တိုက်စစ်မှူးနှစ်ဦးရဲ့လေးမိနစ်သာကွာဟတဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ ပွဲစဉ်ကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။
အမ်ဘာပေက “ယူရိုချန်ပီယံဖြစ်လာဖို့ ရည်မှန်းချက် ကျွန်တော့်မှာရှိခဲ့ပါတယ်။ ယူရိုပြိုင်ပွဲကြီးမှာ ခြေစွမ်းပြသနိုင်ဖို့လည်း ကျွန်တော် မျှော်လင့်ခဲ့ပါတယ်။ ကျွန်တော် မလုပ်နိုင်ခဲ့ပါဘူး။ စိတ်ပျက်စရာပါပဲ”လို့ ဆိုပါတယ်။
ဂျာမန်မြေ ဥရောပဘောလုံးပွဲတော်ကြီးမှာ ပြင်သစ်အသင်းက အမ်ဘာပေရဲ့ပယ်နယ်တီသွင်းဂိုး တစ်ဂိုး အပါအဝင် လေးဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါက ပြီးခဲ့တဲ့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဒက်စ်ချမ့်စ်ရဲ့အသင်းအတွက် စွမ်းဆောင်ရည်ပိုင်းအရ ဆန့်ကျင်ဘက်အခြေအနေမှာ ရှိနေပါတယ်။ အဲ့ဒီကာလတုန်းက ပြင်သစ်အသင်းသွင်းဂိုးရဲ့ထက်ဝက်ကို အမ်ဘာပေ သွင်းယူပေးခဲ့တာပါ။ ဒီနေ့မနက်ပိုင်းပွဲစဉ်မှာလည်း ပြင်သစ်အသင်းအတွက် အရေးပါတဲ့ချေပဂိုး ရရှိနိုင်မယ့် အခွင့်အရေးတစ်ခုကို အမ်ဘာပေ ရရှိခဲ့ပေမယ့် သူ့ရဲ့ကန်ချက်က ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပါတယ်။
“ပြိုင်ဘက်နောက်ခံလူတွေကို ကျွန်တော် အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ကျွန်တော်က ဂိုးသွင်းရမယ် သို့မဟုတ် အနည်းဆုံးတော့ ဂိုးပေါက်တည့်အောင် ကန်ရမယ်လို့ တွေးမိခဲ့ပါတယ်။ ဒီကန်ချက်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပါတယ်။ ဒါက ဘောလုံးရဲ့ကြမ်းတမ်းလွန်းတဲ့ အမှန်တရား ဖြစ်ပါတယ်။ ၂-၁ ဂိုးဆိုတော့ ကျွန်တော်တို့လည်း အိမ်ပြန်ရပါမယ်”လို့ အမ်ဘာပေက ပြောပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်က သြစတြီးယားနဲ့ အဖွင့်ပွဲစဉ်အတွင်း နှာခေါင်းအရိုးကျိုးဒဏ်ရာ ရရှိခဲ့လို့ လက်ကျန်ပွဲစဉ်တွေကို မျက်နှာအကာမျက်နှာဖုံးတပ်ဆင်ကာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒါပေမယ့် အခုဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ သူက မျက်နှာဖုံးကို ဖယ်ရှားပစ်ခဲ့ပြီး စိတ်ကုန်စရာပဲလို့ ရှင်းပြပါတယ်။
အမ်ဘာပေက “အဲ့ဒါကြီးတပ်ထားရင် ဘာကိုမှ ကောင်းကောင်းမမြင်ရတော့ဘူး။ ဒါကြီးမဝတ်ဘဲ ကစားလို့ရမလားဆိုတာ သိရဖို့ အသင်းဆရာဝန်ဆီ ကျွန်တော် မေးမြန်းခဲ့ပါတယ်။ သူကတော့ ကျွန်တော့်ကို ကိုယ်တိုင်သာဆုံးဖြတ်ဖို့ ပြောပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မျက်နှာဖုံး တပ်ဆင်ပြီး မကစားခဲ့ပါဘူး။ ဒီအတွက် နောင်တမရမိပါဘူး”လို့ ဆက်ပြောပါတယ်။