The network connection is lost.

Banner Image

ဖာနန်ဒက်စ်ကိုခေါ်ယူဖို့ ယူနိုက်တက်ထံ မြင့်မားတဲ့တန်ကြေးနဲ့ ကမ်းလှမ်းလာတဲ့ အယ်လ်ဟီလယ်

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူဖို့ မြင့်မားတဲ့တန်ကြေးနဲ့ ကမ်လှမ်းမှုပြုလုပ်လာခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ 

လက်ရှိဆော်ဒီပရိုလိဂ်ချန်ပီယံအသင်းဟာ ဖာနန်ဒက်စ်ကို ၃ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းလာခဲ့တာဖြစ်ပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားမယ်လို့သိရပါတယ်။ သို့သော်လည်း ယူနိုက်တက်ကတော့ ၂၀၂၇ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ အသင်းရဲ့အားထားရတဲ့ အဓိက ကစားသမားကိုရောင်းချသွားဖွယ်မရှိပါဘူး။
 
ယူနိုက်တက်အနေနဲ့ ဆော်ဒီပရိုလိဂ်မှ အကျိုးအမြတ်များတဲ့ ကမ်းလှမ်းမှုကို ရရှိဖို့သေချာနေပေမယ့် ဖာနန်ဒက်စ်ကို လက်လွှတ်ဖို့တော့ အတော်လေးခက်ခက်ခဲခဲဆုံးဖြတ်သွားရဖွယ်ရှိပါတယ်။ ရူဘင်အာမိုရင်ရဲ့အသင်းဟာ ဖာနန်ဒက်စ်ကိုသာမက အခြားကစားသမားတွေဖြစ်တဲ့ ဟယ်ရီမက်ဂွါရီ၊ အာမက်ဒီယာလိုနဲ့ ပက်ထရစ်ဒေါ်ဂူတို့ကိုလည်း လာမယ့်နွေရာသီမှာ ရောင်းချသွားမှာမဟုတ်ကြောင်း Daily Star သတင်းဌာနက ဖော်ပြထားပါတယ်။ 

သို့သော်လည်း တစ်ဖက်မှာယူနိုက်တက်ဟာ ရာသီကုန်မှာ အသင်းရဲ့ကစားသမားအများအပြားကို ရောင်းချဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။သတင်းတွေအရ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကို ထိန်းသိမ်းဖို့ ယူနိုက်တက်ရောင်းချသွားမယ့် ကစားသမားစာရင်းထဲမှာ အလီဂျန်ဒရိုဂါနာချို၊ ကိုဘီမိုင်နူး၊ လုခ်ရှော၊ မန်နူရယ်ယူဂါတီ၊ ကတ်စ်မဲရိုး၊ ရက်စ်မွတ်စ်ဟွိုက်လန်း၊ ဒီလစ်ချ်၊ ဂျိုရှူးဝါးဇက်ခ်ဇီနဲ့ ခရစ်ရှင်အဲရစ်ဆင်တို့ ပါဝင်နေပါတယ်။ 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘရန့်ဖို့ဒ်ကို ၄-၃ နဲ့ရှုံးနိမ့်ထားခဲ့တဲ့ ယူနိုက်တက်ဟာ လာမယ့် သောကြာနေ့မှာတော့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘီလ်ဘာအိုနဲ့ ယှဉ်ပြိုင်သွားရပါမယ်။ အာမိုရင်ရဲ့ အသင်းဟာ ပထမအကျော့ စပိန်မြေမှာ ဘီလ်ဘာအိုကို ၀-၃ နဲ့ဂိုးပြတ်အနိုင်ရထားခဲ့တာကြောင့် ဗိုလ်လုပွဲမှာတက်ရောက်နိုင်ဖို့ သေချာနေပြီး ဗိုလ်လုပွဲမှာ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားဖွယ်ရှိပါတယ်။