နောက်ထပ်ပရီးမီးယားလိဂ်တစ်သင်းကို ထပ်ပြောင်းဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်စတားဟောင်း
ဆောက်သမ်တန်ဂိုးသမား အာရွန်ရမ်စ်ဒဲလ်တစ်ယောက် နယူးကာဆယ်အသင်းထံပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ အင်္ဂလန်သားဟာ နွေရာသီတုန်းက ဆောက်သမ်တန်ကိုပြောင်းလာခဲ့ပေမယ့် အသင်းကရလဒ်တွေဆိုးဝါးနေခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ရမ်စ်ဒဲလ်တစ်ယောက် ဆောက်သမ်တန်အသင်းနဲ့အတူ ၄၄ ပွဲမှာ ၂၇ ဂိုးအထိ ပေးထားခဲ့ရပါတယ်။ လက်ရှိမှာတော့ ရမ်စ်ဒဲလ်အနေနဲ့ လက်ချောင်းဒဏ်ရာကြောင့် ၆ ပွဲလောက်နားရမှာဖြစ်ပါတယ်။
သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့် ဆောက်သမ်တန်က တန်းဆင်းရဖို့များနေပြီး တကယ်လို့ နွေရာသီမှာ တန်းဆင်းခဲ့ရရင် အသင်းပြောင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ The Sun သတင်းဌာနကတော့ ရမ်စ်ဒဲလ်အခြေအနေကို နယူးကာဆယ်အသင်းက ချိတ်ဆက်နေပြီး နွေရာသီမှ ခေါ်ယူဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘန်လေစတား ထရက်ဖို့ဒ်ကိုလည်း ချိတ်ဆက်နေကာ ဆောက်သမ်တန်က အခုဆောင်းဈေးကွက်မှာတင် ရောင်းချနိုင်ချေရှိနေပါတယ်။ နစ်ပုပ်ဒဏ်ရာရနေတာကြောင့် ရမ်စ်ဒဲလ်ကို ဟိုဝီက ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားကာ အရန်ဂိုးသမား ဒူဗရာကာကလည်း အခုလထဲမှာ ထွက်ခွာတော့မှာဖြစ်ပါတယ်။
ဒူဗရာကာကတော့ ဆော်ဒီမြေကိုပြောင်းဖို့ ပြင်ဆင်နေပြီး နယူးကာဆယ်အနေနဲ့ အခုဆောင်းဈေးကွက်ထဲမှာ ဂိုးသမားသစ်မဖြစ်မနေခေါ်ယူရဖွယ်ရှိနေပါတယ်။ ရမ်စ်ဒဲလ်ဟာ အာဆင်နယ်မှာတုန်းက ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကိုပါရရှိခဲ့ပေမယ့် ရာယာရောက်လာပြီးနောက်ပိုင်း ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ အဆိုပါအခြေအနေတွေကြောင့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ဆောက်သမ်တန်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် အရန်ခုံမှာထိုင်နေပြီး ဆုဖလားကိုင်မြှောက်မယ်ဆိုရင် အဲ့တာက ကျွန်တော့်အတွက် အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော် ဘောလုံးကစားချင်တာပါ။ အရန်ခုံမှာထိုင်နေချင်တာမဟုတ်ပါဘူး။ ကျွန်တော့်ရည်မှန်းချက်ကို ဆောက်သမ်တန်မှာရှာဖွေနိုင်ခဲ့လို့ ကံကောင်းပါတယ်။ ကျွန်တော် ဒေးဗစ်ဆီးမန်းနဲ့အင်တာဗျူးခွင့်ရခဲ့ပြီး အာဆင်နယ်မှာဆက်နေဖို့ ခွန်အားရခဲ့ပါတယ်။
လအနည်းငယ်အကြာမှာ ကျွန်တော် ရာယာရောက်လာတာကြောင့် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပါတယ်။ သူက တကယ့်ထိပ်တန်းဂိုးသမားတစ်ဦးပါ”လို့ အောက်တိုဘာတုန်းက ရမ်စ်ဒဲလ်က ပြောကြားခဲ့ပါတယ်။