နှစ်နှစ်တာကာလအတွင်း ဒုတိယအကြိမ်နေအိမ်ဖောက်ထွင်းခံရမှုနဲ့ ရင်ဆိုင်လိုက်ရတဲ့ စတာလင်
အင်္ဂလန်နဲ့ ချဲလ်ဆီးကြယ်ပွင့်စတာလင်က အခုလအတွင်း သူ့ရဲ့နေအိမ်ကို ဓါးပြတိုက်ဖို့ကြိုးစားခဲ့တဲ့ မျက်နှာဖုံးစွပ်လူတွေရဲ့ပစ်မှတ် ဖြစ်သွားခဲ့ပါတယ်။ The Mirror ရဲ့သတင်းတစ်ပုဒ်အရ စနေနေ့မွန်းလွဲပိုင်း၊ ချဲလ်ဆီးနဲ့ ဝုဗ်တို့ပွဲစဉ်မတိုင်ခင် တစ်နာရီအလိုမှာ စတာလင်ရဲ့နေအိမ်ကို မျက်နှာဖုံးစွပ်လူအချို့ ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ရာဇဝတ်မှုကျူးလွန်သူတွေက စတာလင်ကို နေအိမ်တွင်းမှာတွေ့ရချိန် အံ့အားသင့်နေခဲ့ပြီး အဖိုးတန်ပစ္စည်းတွေ မယူဆောင်သွားဘူးလို့ သိရပါတယ်။
ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ စတာလင်ကို အခုသီတင်းပတ်ကုန်၊ နေအိမ်ဖောက်ထွင်းမှုတစ်ခုရဲ့နစ်နာသူ ဖြစ်ခဲ့တယ်ဆိုတာ အတည်ပြုပေးနိုင်ပါတယ်။ ဒါ့အပြင် အခင်းဖြစ်ပွားချိန်မှာ စတာလင်နဲ့ သူ့ရဲ့ရင်သွေးတွေ နေအိမ်မှာ ရှိနေခဲ့တယ်ဆိုတာကိုလည်း အတည်ပြုပေးနိုင်ပါတယ်။ ကိုယ်ရေးကိုယ်တာနဲ့ ဘေးကင်းလုံခြုံမှုစံနှုန်းတွေကို အမြင့်ဆုံးအထိ ချိုးဖောက်ခဲ့ပေမယ့် စတာလင်နဲ့ သူချစ်ရတဲ့လူအားလုံး ဘေးကင်းလုံခြုံကြောင်း အတည်ပြုပေးနိုင်လို့ ကျေးဇူးတင်မိပါတယ်။ အခုလိုစိန်ခေါ်မှုများပြားတဲ့အချိန်ကာလမှာ စတာလင်နဲ့ သူ့ချစ်ရတဲ့လူတွေရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို လေးစားပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ ပြောပါတယ်။
အတိတ်မှာလည်း တောင်ပံကစားသမားက အခုလိုဖြစ်ရပ်မျိုးနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ နေအိမ်ဖောက်ထွင်းခံရတယ်ဆိုတဲ့ သတင်းကို ကြားသိပြီးနောက် စတာလင်က ၂၀၂၂ ခုနှစ်၊ ဆီနီဂေါနဲ့ ရင်ဆိုင်ရမယ့် အင်္ဂလန်ရဲ့ ၁၆-သင်းရှုံးထွက်အဆင့်ပွဲစဉ်လူစာရင်းမှ နုတ်ထွက်သွားခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ဘဲ ဘောလုံးသမားတွေက ဖောက်ထွင်းမှုဖြစ်စဉ်တွေရဲ့နစ်နာသူတွေ ဖြစ်လာခဲ့ပြီး ပွဲနေ့တွေမှာဆိုရင် မကြာခဏဆိုသလို ပစ်မှတ်ထားခံနေရပါတယ်။ သက်ဆိုင်ရာရဲတပ်ဖွဲ့ကလည်း အခုဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုတစ်ခုစတင်နေပြီလို့ အတည်ပြုခဲ့ပါတယ်။
ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ ရဲအရာရှိတွေကိုယ်တိုင် စုံစမ်းစစ်ဆေးမှုကို သေသေချာချာပြုလုပ်နေပြီး သံသယဖြစ်ဖွယ်အခြေအနေကို မြင်တွေ့သူ မည်သူမဆို ရဲတပ်ဖွဲ့ဆီ ဆက်သွယ်အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံလိုပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
စတာလင်က ပြီးခဲ့တဲ့မေ ၂၅ ရက်မှာ အာဆင်နယ်အတွက် နောက်ဆုံးပွဲစဉ်ကစားပြီးချိန်ကတည်းက စီနီယာအဆင့်ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ခြင်းမရှိပါဘူး။ စီနီယာအသင်းနဲ့သီးခြားလေ့ကျင့်ရေးဆင်းနေသူက သီတင်းတစ်ပတ်လုပ်ခ ပေါင် ၃၀၀,၀၀၀ ကျော် ရရှိနေပေမယ့် အချိန်ကာလတစ်ခုအထိ အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖွယ် မရှိပါဘူး။