The network connection is lost.

Banner Image

ဂျူဗင်တပ်စ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ပြီးနောက် အသင်းသစ်သို့ပြောင်းရွှေ့ဖို့ အဆင့်သင့်ဖြစ်နေတဲ့ ရာဘီယော့

ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ အာဒရီရန်ရာဘီယော့ဟာ ဂျူဗင်တပ်စ်ရဲ့ အပြီးသတ်စာချုပ်ကမ်းလှမ်းမှုကို ပယ်ချပြီး အသင်းသစ်ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်နေတာကြောင့် ကစားသမားကို ပစ်မှတ်ထားနေတဲ့ လီဗာပူး၊ မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်၊ အေစီမီလန်နဲ့ နာပိုလီတို့အပါအဝင် အခြားကလပ်အသင်းကြီးတွေအနေနဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။

ရာဘီယော့ဟာ ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး အပိုရွေးချယ်ခွင့် ၁ နှစ်ကို ဆက်လက်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ဂျူဗင်တပ်စ်က နောက်ထပ် စာချုပ်သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်ထားပေမယ့် ကစားသမားက အသင်းကနေထွက်ခွာဖို့သာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်က ရာဘီရော့ကို တစ်ရာသီလုပ်ခ ယူရို ၇ သန်းအပါအဝင် အပိုကြေး ၁ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ကစားသမားဘက်က ပယ်ချခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ အနာဂတ်ကို ဆုံးဖြတ်ဖို့ရည်ရွယ်ထားတဲ့ ကွင်းလယ်လူဟာ ကြာသပတေးနေ့မှာပဲ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်သွားဖွယ်ရှိပါတယ်။

ယခုအခါမှာတော့ အသက်-၂၉ နှစ်အရွယ်ကစားသမားဟာ လီဗာပူး၊ ယူနိုက်တက်၊ နယူးကာဆယ်၊ အေစီမီလန်နဲ့ နာပိုလီတို့အပါအဝင် အခြားဥရောပအသင်းကြီးတွေနဲ့ လွတ်လွတ်လပ်လပ်ဆွေးနွေးမှုတွေ စတင်ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ ကစားသမားအနေနဲ့ တစ်ရာသီလုပ်ခ ယူရို ၉ သန်းအထိ ရရှိနိုင်ဖို့ ရည်ရွယ်ထားတာကြောင့် အဆိုပါငွေကြေးပမာဏဟာ စီးရီးအေမှာထက် ပရီးမီးယားလိဂ်မှာက ပိုရနိုင်ချေရှိပါတယ်။

ပီအက်စ်ဂျီရဲ့ အကယ်ဒမီထုတ်ကုန်တစ်ဦးဖြစ်တဲ့ ရာဘီယော့ဟာ ၂၀၁၉ ခုနှစ်နွေရာသီမှာ ဂျူဗင်တပ်စ်သို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ ၂၁၂ ပွဲကစားကာ ၂၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ကစားသမားဟာ အီတလီကလပ်နဲ့အတူ စီးရီးအေဖလား ၁ ကြိမ်၊ စူပါကိုပါအီတလီယာဖလား ၁ ကြိမ်နဲ့ ကိုပါအီတလီယာ ၂ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။