
ဘာစီလိုနာနဲ့ပွဲစဉ်မတိုင်မီ ခဗာရက်စ်ခီလီယာနဲ့ ဗီတင်ဟာတို့ ဒဏ်ရာထပ်ရခဲ့တဲ့ ပီအက်စ်ဂျီ
မနေ့ညက အော်ဇေးအသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီကစားသမားသစ်နှစ်ဦးဒဏ်ရာရရှိခဲ့တာကြောင့် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။
ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ကွင်းလယ်ကစားသမား ဗီတင်ဟာ နဲ့ ခဗာရက်စ်ခီလီယာတို့ ဒဏ်ရာထပ်ရခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းအတွက် အဖွင့်ဂိုးဖန်တီးပေးခဲ့တဲ့ ဗီတင်ဟာက ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပြီး ခဗာရက်စ်ခီလီယာကလည်း ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် ဒုတိယပိုင်းမှာ လူစားလဲခဲ့ရပါတယ်။
အဆိုပါကစားသမားနှစ်ဦးဟာ အသင်းခေါင်းဆောင် မာကွင်ဟို့စ်၊ ဘော်လွန်းဒီအော်ဆုရှင် အူစမာန်ဒမ်ဘီလီ၊ ဒူအီနဲ့ ဂျိုအိုနီဗက်စ်တို့အပါအဝင် ဒဏ်ရာရကစားသမားစာရင်းထဲကိုပါဝင်လာခဲ့ပါတယ်။ ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က ဒဏ်ရာပြဿနာတွေအပေါ် စိုးရိမ်ကြောင်းပြောကြားခဲ့ပေမဲ့ လက်တွေ့ကျကျကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်ပါတယ်။
အင်းနရစ်က"ကံမကောင်းစွာပဲ ဘာမှပြောလို့မရသေးပါဘူး။ ကျွန်တော်တို့က ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ အဖြေကိုစောင့်ရပါ။ ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့အတွက် အကောင်းမြင်စိတ်ထားရပါမယ်။ ပီအက်စ်ဂျီအသင်းတစ်သင်းတည်းမှာပဲ ဒဏ်ရာပြဿနာတွေရှိနေတာမဟုတ်ပါဘူး" လို့ပြောပါတယ်။
အဆိုပါ ကစားသမားတွေမပါဝင်နိုင်ခဲ့ပေမဲ့ ပီအက်စ်ဂျီ နောက်ခံလူ အီလီယာဇာဘာညီ၊ လူကာဘီရာလ်ဒို တို့ရဲ့သွင်းဂိုးတွေနဲ့အနိုင်ရရှိခဲ့ပြီး လီဂူးဝမ်းမှာ ၆ ပွဲကစား၊ ရမှတ် ၁၅ မှတ်နဲ့ အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။