
ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တက်ရောက်ပြီးနောက် ဝေဖန်သူတွေအပေါ် ပြန်လည်တုံ့ပြန်လာတဲ့ ပိုစတီကိုဂလူ
ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ဆီ တော့တင်ဟမ်အသင်းကို ပို့ဆောင်ပေးပြီးနောက် ပိုစတီကိုဂလူက သူ့အပေါ်ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်း၊ ကွာတားဖိုင်နယ်ပွဲစဉ်မှာ တော့တင်ဟမ်က ဖရန့်ဖတ်ကို ဆိုလန်ကီရဲ့တစ်လုံးတည်းသော ပယ်နယ်တီသွင်းဂိုးဖြင့် အနိုင်ယူပြီး နော်ဝေကလပ်ဘိုဒိုဂလင့်နဲ့ ရင်ဆိုင်ရမယ့် ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ပထမအကျော့ပွဲစဉ်ကို လာမယ့်သီတင်းပတ်နှစ်ပတ်အကြာ၊ လန်ဒန်မြေမှာ ကျင်းပသွားပါမယ်။
ပွဲစဉ်အပြီး ပိုစတီကိုဂလူက “ ကျွန်တော်က မနေ့တုန်းကလည်း နည်းပြတစ်ဦးဖြစ်သလို ဒီနေ့မှာလည်း နည်းပြတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် အခုနိုင်ပွဲနဲ့အတူ ကျွန်တော့်ကို ပိုမိုကောင်းမွန်တဲ့နည်းပြတစ်ဦးလို့ တွေးမိစေတယ်ဆိုရင် ဒါမှမဟုတ် မနေ့တုန်းက ကျွန်တော်ဟာကောင်းမွန်တဲ့အလုပ်တစ်ခုကို မလုပ်ခဲ့ဘူးလို့ တွေးထားမိတယ်ဆိုရင် ခံစားချက်တွေကို တသမတ်တည်းသာ ရှိနေစေသင့်ပါတယ်။
အဲ့ဒီအရာတွေကို ကျွန်တော်ဂရုမစိုက်ပါဘူး။ ဒါတွေက ကျွန်တော့်ကို စိတ်အနှောင့်အယှက်မဖြစ်စေသလို ကျွန်တော်လုပ်နေတဲ့အရာတွေကိုလည်း မထိခိုက်စေပါဘူး။ အသင်းအဝတ်လဲခန်းအကြောင်းကိုပဲ ကျွန်တော် အမြဲတမ်းစဉ်းစားပါတယ်။ ကစားသမားတွေကိုယ်တိုင်ရော ယုံကြည်မှုရှိသလား? ဝန်ထမ်းတွေရော ယုံကြည်မှုရှိသလား? ဒါတွေကသာ ကျွန်တော့်အတွက် အခြားသူတွေလုပ်နေတဲ့အရာတွေထက် ပိုအရေးကြီးပါတယ်။ ဒါကြောင့် ခင်ဗျားတို့အတွက်တော့ ကံမကောင်းစွာနဲ့ဘဲ ကျွန်တော့်ကို အချိန်တစ်ခုကြာ စောင့်ကြည့်သွားရပါတော့မယ်။ ဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်သွားကြတာပေါ့”လို့ ပြောပါတယ်။
တော့တင်ဟမ်ကစားသမားတွေကတော့ ပိုစတီကိုဂလူအတွက် အစွမ်းကုန်ကြိုးစားပေးဆပ်ကစားခဲ့ပါတယ်။ မက်ဒီဆင်ဆိုရင်လည်း အခုပွဲစဉ်အတွက် အရေးပါတဲ့ပယ်နယ်တီဖြစ်ပေါ်လာဖို့ ပြိုင်ဘက်ဂိုးသမားနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးနောက် မိနစ်ပိုင်းအကြာမှာပဲ ဒဏ်ရာပြဿနာနဲ့အတူ လူစားလဲလှယ်ခဲ့ရပါတယ်။ တော့တင်ဟမ်နည်းပြက “ မက်ဒီဆင် အဆင်ပြေနေပါတယ်။ ဒီအခိုက်အတန့်မှာ အခုလိုမျိုးထိတွေ့မှုကြောင့် ဒီလိုကိစ္စမျိုးဖြစ်လာနိုင်တယ်ဆိုတာ သူကောင်းကောင်းသိပါတယ်။
ဒါကြောင့် ပယ်နယ်တီဆိုတာ သေချာပါတယ်။ ဘာကြောင့် အနီကတ်မပြသလဲဆိုတာတော့ ကျွန်တော် အံ့သြမိပါတယ်။ သူနာကျင်နေပေမယ့် အသင်းရှေ့ဆက်နိုင်ရေး ကူညီပေးနေတယ်ဆိုတာကို သိထားလို့ ထုံကျဉ်နေခဲ့ပါတယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး ပိုစတီကိုဂလူက ဦးဆောင်ဂိုးကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ သူ့အသင်းရဲ့စွမ်းဆောင်ရည်ကိုလည်းရှင်းရှင်းလင်းလင်းဂုဏ်ပြုချီးကျူးပါတယ်။
သူက “ ကိစ္စများစွာနဲ့အတူ ကျွန်တော် အလွန်ကျေနပ်အားရမိပါတယ်။ အရမ်းကောင်းတဲ့အသင်းတစ်ခုနဲ့ ရင်ဆိုင်ရတဲ့ ကွာတားဖိုင်နယ်အဝေးကွင်းပွဲစဉ်ပါ။ ဒါကြောင့် စည်းကမ်းရှိရှိနဲ့ အလွန်ကြိုးစားကစားသွားဖို့၊ ဂိုးသွင်းနိုင်ဖို့ လိုအပ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ သိထားခဲ့ပါတယ်။ လူသားတစ်ဦးအဖြစ် ကောင်လေးတွေ အလွန်ထူးချွန်ခဲ့တယ်ဆိုတာကို သိထားလို့ သူတို့အတွက် အလွန်ဂုဏ်ယူမိပါတယ်။ ဆီမီးဖိုင်နယ်တစ်ခုဆီ ကျွန်တော်တို့ ရောက်ရှိလာပါပြီ။ နှစ်ကျော့ကစားပြီးချိန်မှာ ကိုယ်နဲ့ထိုက်တန်တဲ့အရာကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်”လို့ ဆိုပါတယ်။