အင်္ဂလန်နည်းပြ ရာထူးနေရာအတွက် ထုတ်ဖော်ပြောကြားလိုက်တဲ့ ပေါ်တာ
ချဲလ်ဆီး အသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာက အင်္ဂလန်အသင်းနည်းပြ နေရာအတွက် ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေကို ပယ်ချလိုက်ပြီး ဆောက်ဂိတ်ကို ချီးကျူးပြောကြားလိုက်ပါတယ်။
ပေါ်တာဟာ ဆောက်ဂိတ်နေရာမှာအစားဝင်ဖို့ သတင်းကြီးနေတာဖြစ်ပြီး ချဲလ်ဆီးကနေ ထွက်ခွာပြီးကတည်းက ၁၅ လလောက် အသင်းလက်မဲ့ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အသက် ၄၉ နှစ်သားက အင်္ဂလန်အသင်းနည်းပြ ရာထူးအတွက် ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေကို ပယ်ချခဲ့ပြီး ဆောက်ဂိတ်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပါတယ်။
“ဒီနေ့က အဲ့အကြောင်းပြောရမယ့်အချိန်မဟုတ်ပါဘူး။ ဆောက်ဂိတ်က တကယ်ကောင်းတဲ့အလုပ်ကိုလုပ်ခဲ့တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ အင်္ဂလိပ်ကစားသမားတစ်ဦးအနေနဲ့ သူနဲ့သူ့ရဲ့အသင်းအတွက် အရမ်းဂုဏ်ယူမိပါတယ်။ အင်္ဂလိပ်ဘောလုံးလောကမှာ ဆောက်ဂိတ်လောက် ဘယ်သူမှလေးစားမှုမခံရဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူက ပြိုင်ပွဲတစ်လျှောက်အသင်းကို အကောင်းဆုံး ဦးဆောင်ခဲ့တာပါ။ သူနဲ့သူ့ရဲ့ဝန်ထမ်းတွေက တကယ့်အံ့ဖွယ်အလုပ်ကိုလုပ်ပြခဲ့ပါတယ်။ အဲ့အတွက်လည်း လေးစားမှုပေးရပါမယ်။ ကျန်တာက သတင်းအမှားတွေပါပဲ”လို့ ပေါ်တာက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အင်္ဂလန်နည်းပြနေရာအတွက် ဟိုဝီနဲ့ ကာစလေတို့ကို ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ပေါ်တာကတော့ ချဲလ်ဆီးကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းတော်တော်များများနဲ့ စကားပြောခဲ့ပေမယ့် အခုချိန်မှာမှ သူ့အနေနဲ့ ပြန်လာဖို့ အချိန်ကောင်းဖြစ်တယ်လို့ ယူဆနေပါတယ်။
“ကျွန်တော့်မှာ နားရက်ကောင်းတွေရှိခဲ့ပါတယ်။ အနားယူတာက ကျွန်တော့်အတွက် အရေးပါတယ်လို့ ထင်ပါတယ်။ အဲ့တာက ကျွန်တော့်စွမ်းအင်ကို ပြန်လည်ပြည့်စေပါတယ်။ အခြားအားကစား ၊ အခြားအသင်းတွေနဲ့ နေရာတော်တော်များများကို သွားလည်ရမယ့်အချိန်ကောင်းလို့ ထင်ပါတယ်။ မှန်ကန်တဲ့အခွင့်အရေးရှိမယ်ဆိုရင် ကျွန်တော် ပြန်လာဖို့ အရမ်းကိုမှစိတ်လှုပ်ရှားနေပါပြီ”လို့ ပေါ်တာက ပြောကြားခဲ့ပါတယ်။