The network connection is lost.

Banner Image

လီဝန်ဒေါစကီးနဲ့ ဆက်ဆံရေးပြိုကွဲခဲ့တဲ့ ပိုလန်လက်ရွေးစင်အသင်းနည်ပြ ပရိုဘီရက်ဇ် ရာထူးမှနုတ်ထွက်

ပြီးခဲ့တဲ့အင်္ဂါနေ့၊ ဖင်လန်ကို အရှက်တကွဲရှုံးနိမ့်မှုအပြင် တိုက်စစ်ကြယ်ပွင့်လီဝန်ဒေါစကီးနဲ့ပါ ဆက်ဆံရေးပြိုကွဲထားတဲ့ ပိုလန်လက်ရွေးစင်အသင်းနည်းပြပရိုဘီရက်ဇ်က ရာထူးမှနုတ်ထွက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။ ပိုလန်ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်လာတဲ့ ကြာသပတေးနေ့ကြေညာချက်မှာ ပရိုဘီရက်ဇ်ရဲ့ဆုံးဖြတ်ချက်ကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ပရိုဘီရက်ဇ်က “ လက်ရှိအခြေအနေမှာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးဆုံးဖြတ်ချက်က ကျွန်တော်ကိုယ်တိုင် ရာထူးမှနုတ်ထွက်လိုက်ခြင်းဖြစ်တယ်လို့ ကောက်ချက်ချမိပါတယ်။ ဒီရာထူးနေရာမှာ တာဝန်ထမ်းဆောင်ရလို့ ကျွန်တော့်ရဲ့ပရော်ဖက်ရှင်နယ်အိပ်မက်တွေ ပြည့်မြောက်လာခဲ့ပြီး ကျွန်တော့်ဘဝရဲ့အကြီးမားဆုံးဂုဏ်ယူရမှုလည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

လီဝန်ဒေါစကီးနဲ့ ဆက်ဆံရေးပြိုကွဲပြီးနောက် ပရိုဘီရက်ဇ်ရဲ့ရာထူးနေရာက အခုသီတင်းပတ်အတွင်းမှာ အခက်ခဲဆုံးအခြေအနေဆီ ရောက်ရှိသွားခဲ့ပါတယ်။တဖက်မှာလည်း လီဝန်ဒေါစကီးက ပရိုဘီရက်ဇ်လက်အောက် နိုင်ငံ့လက်ရွေးစင်အသင်းအတွက် နောက်တစ်ကြိမ်ပြန်မကစားပေးတော့ဘူးလို့ လူသိရှင်ကြားကြေညာခဲ့ပါတယ်။

ဒါ့အပြင် ပိုလန်က ကမ္ဘာ့ဖလားဝင်ခွင့်လက်ကျန်ခရီးလမ်းအတွက် စိုးရိမ်လောက်စရာ ခြေစွမ်းမျိုးနဲ့အတူ အင်္ဂါနေ့မှာ ဖင်လန်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ပရိုဘီရက်ဇ်က ဖာနန်ဒိုဆန်းတို့စ်ရဲ့စိတ်ပျက်စရာခေတ်အလွန် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ပိုလန်နည်းပြရာထူးကို လက်ခံခဲ့ပါတယ်။ သူက ယူရို-၂၀၂၄ ပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ တိုးတက်မှုပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။