
လီဝန်ဒေါစကီးရဲ့ကြေညာချက်ကို ပြန်လည်တုံ့ပြန်ဖြေရှင်းလာတဲ့ ပိုလန်နည်းပြပရိုဘီရက်ဇ်
လက်ရှိနည်းပြလက်အောက် ပိုလန်လက်ရွေးစင်အသင်းအတွက် ပြန်မကစားပေးတော့ဘူးဆိုတဲ့ လီဝန်ဒေါစကီးရဲ့ကြေညာချက် ထွက်ပေါ်လာပြီးနောက် နည်းပြပရိုဘီရက်ဇ်က လီဝန်ဒေါစကီးရဲ့အပြုအမူကို ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။
လီဝန်ဒေါစကီးက ပရိုဘီရက်ဇ်ရဲ့ကပ္ပတိန်လက်ပတ်တာဝန်အလွှဲအပြောင်းပုံစံကို မကြိုက်တာကြောင့် နိုင်ငံ့လက်ရွေးစင်တာဝန်မထမ်းဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။ အခုအချိန်မှာတော့ ပိုလန်လက်ရွေးစင်အသင်းနည်းပြက သူ့ရဲ့အမြင်နဲ့ ဖြေရှင်းချက်ကို ထုတ်ပြန်ပေးလာခဲ့ပါတယ်။
ပရိုဘီရက်ဇ်က “ ကျွန်တော်က ဇီလင်းစကီးဆီ ‘မင်း ကပ္ပတိန်ဖြစ်လာလိမ့်မယ်’လို့ ည ၈:၄၅ မိနစ်မှာ ပြောခဲ့ပါတယ်။ နာရီဝက်အကြာမှာတော့ ကျွန်တော်က လီဝန်ဒေါစကီးဆီ ဒီဆုံးဖြတ်ချက်အကြောင်း ပြောပြခဲ့ပါတယ်။ လီဝန်ဒေါစကီးကလည်း ကပ္ပတိန်လက်ပတ်ဆိုတာ အဓိပ္ပါယ်သိပ်မရှိလှသလို အသင်းအတွက်လည်း အပြောင်းအလဲတွေ အများကြီးရှိမှာမဟုတ်ဘူးလို့ ပြန်ပြောလာခဲ့ပါတယ်။
ဒါကြောင့်ပဲ အခုဆုံးဖြတ်ချက်ကို ကျွန်တော် ချမှတ်ခဲ့တာပါ။ ကျွန်တော်က ဇီလင်းစကီးဆီရော၊ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဆီရော၊ အသင်းတစ်ခုလုံးကိုပါ ကပ္ပတိန်တာဝန်အလွှဲအပြောင်းအကြောင်း သတင်းပေးခဲ့ပါတယ်။ သူတို့အကုန်လုံးက ဇီလင်စကီးကို ဂုဏ်ပြုပေးခဲ့ပါတယ်။
ကောင်းပြီ၊ ဒီနောက်မှာ ကျွန်တော်က နားနေခန်းဆီ ပြန်သွားလိုက်ပါတယ်။ ဒီအချိန်မှာပဲ လီဝန်ဒေါစကီးရဲ့ ဖုန်းခေါ်ထားမှုတွေကို မြင်တွေ့လိုက်ရပြီး ကျွန်တော် ဖုန်းပြန်ခေါ်ပေးခဲ့ပါတယ်။ လီဝန်ဒေါစကီးက ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို ပြောင်းလဲပေးဖို့ လိုလားခဲ့ပေမယ့် ကျွန်တော်ကတော့ အကောင်းဆုံးဆုံးဖြတ်ချက် ဖြစ်လိမ့်မယ်လို့ပဲ ယူဆပါတယ်။ ဒီနောက်မှာတော့ လီဝန်ဒေါစကီးရဲ့ကြေညာချက်ဆိုတဲ့သတင်းကို မီဒီယာတွေမှာ ဖတ်ရှုခဲ့ရပါတယ်။ လီဝန်ဒေါစကီးဆိုတာ ကျွန်တော် အရမ်းလေးစားရတဲ့ ထိပ်တန်းကစားသမားတစ်ဦးပါ။ သူ့အတွက် ဘယ်တံခါးကိုမှ မပိတ်ထားပါဘူး။ သူ အကောင်းဆုံးဖြစ်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်”လို့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။
လက်ရှိအကျပ်အတည်း အဆင်ပြေလာဖို့ရှိ၊မရှိ စောင့်ကြည့်သွားရမှာဖြစ်ပြီး အခုအခြေအနေအတိုင်းသာဆိုရင် လီဝန်ဒေါစကီးက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်နေတဲ့ ပိုလန်အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ မရှိသေးပါဘူး။