
အသင်းရဲ့ကစားသမားတွေ ဒဏ်ရာရနေတာနဲ့ “ထိုင်ငိုနေရမှာလား” လို့တုံ့ပြန်လိုက်တဲ့ ပိုချက်တီနို
ယမန်နေ့ညက ဘုန်းမောက်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ သရေ ရလဒ်သာ ရယူနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်ဝေဖန်မှုတွေကိုခံခဲ့ရပြီး အသင်းနည်းပြ ပိုချက်တီနိုကလည်း အသင်းရဲ့ကစားသမား အများအပြားဒဏ်ရာ ပြဿနာနဲ့ ကြုံတွေ့နေရလို့ မိမိအနေနဲ့ ထိုင်ငိုနေရမှာလားလို့ တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
ဘုန်းမောက်နဲ့ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ပြီးနောက် ယခုနှစ်ပရီးမီးယားလိဂ်ရာသီအစ ပွဲစဉ် ၅ ပွဲမှာ ၅ မှတ်သာ ရယူထားနိုင်သေးတဲ့ ချဲလ်ဆီးဟာ လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာရပ်တည်နေပြီး အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်၊ တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကူကူ၊ ကွင်းလယ်လူတွေဖြစ်ကြတဲ့ ရိုမီယိုလာဗီယာ၊ မွိုက်ဆက် ကိုင်စီဒို နဲ့ နောက်ခံလူ ဝက်စလေဖိုဖာနာနဲ့ ဘန်နွိုက်တို့ကလည်း ဒဏ်ရာပြဿနာတွေကြုံတွေ့နေကြတာဖြစ်ပါတယ်။
ယခုအခါမှာတော့ အသင်းရဲ့မန်နေဂျာပိုချက်တီနိုက အသင်းရဲ့ ဒဏ်ရာရကစားသမားတွေအကြောင်းနဲ့ ပြီးခဲ့တဲ့ပွဲစဉ်မှာ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့တဲ့ နောက်ခံကစားသမားတွေကို ဝေဖန်မှုအနည်းငယ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်နဲ့ပွဲမှာ ဂူစတိုနဲ့ ကိုဝယ်လ်တို့က ချဲလ်ဆီးရဲ့ ညာနောက်ခံနဲ့ ဘယ်နောက်ခံကစားသမားတွေအဖြစ် ပွဲထွက်လာခဲ့ပြီး ဘင်ချီဝဲလ်က ဒုတိယပိုင်းရောက်မှ လူစားဝင်လာခဲ့တာဖြစ်ပါတယ်။
ပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့တဲ့အခါ ပိုချက်တီနိုက "အသင်းရဲ့ ကစားသမားတွေအကုန်လုံးကို အသုံးပြုနိုင်မယ်ဆိုရင် ချဲလ်ဆီးဟာ ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့မှာ ကစားသမား ၁၂ ဦးအထိဒဏ်ရာရရှိနေပါတယ်။ ကျွန်တော်တို့ရဲ့အရန်ခုံမှာ လူငယ်ကစားသမား ၃/၄ ယောက်နဲ့ ဂိုးသမားနှစ်ယောက်ပဲရှိပါတယ်။ ကျွန်တော်ကထိုင်ငိုနေရမှာလား။ မငိုပါဘူး။ လက်ရှိအခြေအနေကို လက်ခံပြီး ဆက်သွားနေဦးမှာပါ။ ဘုန်းမောက်ကလည်း အသင်းကောင်းတစ်သင်းပါ"လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပိုချက်တီနိုက "ကျွန်တော်စိတ်ပျက်မိတာတစ်ခုကတော့ အသင်းရဲ့ ဘယ်နောက်ခံနဲ့ ညာနောက်ခံကစားသမားတွေကရှေ့ကို အရမ်းတိုးနေပြီး တိုက်စစ်မှူးတွေကိုစိတ်ရှုပ်ထွေးအောင် လုပ်ခဲ့မိတာကြောင့် ပြိုင်ဘက်အသင်းကို အခွင့်အရေးတွေဖန်တီးမိစေခဲ့တာဖြစ်ပါတယ်"လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တော့တင်ဟမ်နည်းပြဟောင်းက အသင်းရဲ့ဗဟိုခံစစ်မှူး သီယာဂိုဆေးလ်ဗားကလည်း အသင်းဖော်တွေရဲ့ စည်းကမ်းမလိုက်နာမှုကြောင့် စိတ်ပျက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ်ရဲ့ တန်ကြေးအကြီးဆုံး ကစားသမားစံချိန်ကို ဒုတအကြိမ်ရိုက်ချိုးတဲ့အနေနဲ့ ဘရိုက်တန်ကွင်းလယ် ကြယ်ပွင့်ကိုင်စီဒိုကို ပေါင် ၁၁၅ သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် စုစုပေါင်းအသုံးစရိတ်ဟာ ပေါင်သန်း ၄၀၀ ခန့်ရှိနေခဲ့တာဖြစ်ပါတယ်။ စတန်းဖို့ဒ်ဘရစ်ခ်ျအသင်းဟာ အသင်းပိုင်ရှင် တော့ဘိုလီနဲ့လက်တွဲပြီးနောက် စုစုပေါင်းအသုံးစရိတ်အဖြစ် ပေါင် ၁ ဘီလီယံအထိ အသုံးပြုထားပြီးဖြစ်သော်လည်း ပရီးမီယားလိဂ်မှာတော့ နေရာကောင်းရရှိဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။