ချဲလ်ဆီးအသင်းရဲ့စီမံကိန်းနဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားလာတဲ့ လာဗီယာ
လာဗီယာက ဒီည၊ မန်စီးတီးအသင်းနဲ့ ကစားရမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမတိုင်ခင် ချဲလ်ဆီးအသင်းမှာ ဖြတ်သန်းနေရတဲ့ ဘဝအကြောင်းအပြင် အသင်းရဲ့စီမံကိန်းအပေါ် ဆက်လက်ယုံကြည်ထားတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ချဲလ်ဆီးအသင်းကို BlueCo အဖွဲ့ လွှဲပြောင်းရယူခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကို လေးနှစ်အတွင်း တတိယအကြိမ်လွဲချော်ဖို့ ရှိနေပါတယ်။ ချဲလ်ဆီးအတွက် ဥရောပဝင်ခွင့်လုံးဝလွဲချော်သွားနိုင်ပေမဲ့ မန်စီးတီးကို အနိုင်ယူပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာ ဗိုလ်စွဲမယ်ဆိုရင်တော့ လာမယ့်ရာသီ၊ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။
The Standard နဲ့ အင်တာဗျူးမှာ အသက် ၂၂ နှစ်အရွယ်လာဗီယာက စိတ်ပျက်စရာကောင်းတဲ့ နောက်ထပ်ဘောလုံးရာသီတစ်ခုနဲ့ ကြုံတွေ့နေရပေမဲ့ ချဲလ်ဆီးအသင်းရဲ့စီမံကိန်းအပေါ် ယုံကြည်နေဆဲပဲလို့ ပြောကြားခဲ့ပါတယ်။
"တစ်ဦးတစ်ယောက်ချင်းစီရဲ့နာမည်ကို ထုတ်ပြောဖို့တော့ ခက်ပါတယ်၊ ဘာလို့လဲဆိုတော့ ရာသီရဲ့ အပိုင်းကဏ္ဍအသီးသီးမှာ လူတိုင်းက ခေါင်းဆောင်နိုင်စွမ်းတွေကို ပြသခဲ့ကြလို့ပါ" လို့ လာဗီယာက ဆိုပါတယ်။ "ဒါက ကျွန်တော်တို့ဆီမှာ ရှိတဲ့ စုပေါင်းအရည်အသွေးတစ်ခုလို့ ပြောရမှာပါ။ ခေါင်းဆောင်မှုအကြောင်း ပြောမယ်ဆိုရင် တချို့ကစားသမားတွေက ကွင်းပြင်ပမှာ ဒါမှမဟုတ် စကားပြောတာမှာ ခေါင်းဆောင်ကြသလို၊ တချို့ကတော့ ကွင်းထဲမှာ ခေါင်းဆောင်ကြပါတယ်။ အသင်းမှာ သက်တမ်းအကြာဆုံးရှိနေတဲ့ ကစားသမားတွေကတော့ အသင်းအတွက် ခေါင်းဆောင်နိုင်စွမ်းတွေကို အများကြီး ပြသပေးထားကြပါတယ်"
ခေါင်းဆောင်အဖြစ် သတ်မှတ်နိုင်သူကို အတိအကျမေးမြန်းရာမှာတော့ ကွင်းလယ်လူ လာဗီယာက "နာမည်အနည်းငယ် ထုတ်ပြောလို့ရပါတယ်။ အန်ဇို ဖာနန်ဒက်စ်လို့ပဲ ပြောရမှာပါ၊ ဘာလို့လဲဆိုတော့ သူက ကမ္ဘာ့ဖလားရထားသလို အတွေ့အကြုံတွေလည်း အများကြီးရှိထားပါတယ်။ ဘာလို့လဲဆိုတော့ သူက စကားအများကြီးပြောလေ့မရှိပေမဲ့ သူစကားပြောပြီဆိုရင် လူတိုင်းက နားထောင်ကြလို့ ခေါင်းဆောင်တွေအကြောင်း ပြောမယ်ဆိုရင် သူက စံနမူနာကောင်းတစ်ခုပါပဲ" လို့ ဖြေကြားခဲ့ပါတယ်။
ချဲလ်ဆီးရဲ့စီမံကိန်းအပေါ် အပြည့်အဝယုံကြည်နေသေးသလားလို့ မေးမြန်းရာမှာတော့ လာဗီယာက "ဟုတ်ပါတယ်၊ ရှိတာပေါ့။ ကျွန်တော့်ရဲ့ယုံကြည်မှုတွေ ပျောက်ဆုံးသွားတဲ့နေ့မှာ ဒီအသင်းမှ ပထမဆုံးထွက်သွားမယ့်သူက ကျွန်တော်ပဲ ဖြစ်ပါလိမ့်မယ်။ အသင်းမှာရှိနေချိန် ယုံကြည်မှုပျောက်ဆုံးနေသူမျိုးကို တစ်ခါမှ မတွေ့ရပါဘူး။ ကိုယ်တိုင်လည်း အခြေအနေတွေကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ပြီး အားလုံး သိကြတဲ့ ချဲလ်ဆီးအသင်းအဖြစ် ပြန်ရောက်လာအောင် လုပ်နိုင်မယ်လို့ ရာနှုန်းပြည့်ယုံကြည်ပါတယ်" လို့ ဆိုခဲ့ပါတယ်။