တွဲကစားဖူးသမျှထဲမှာ အရည်အချင်းအရှိဆုံးကစားသမား ၂ ဦးကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဖိုဒန်
မန်စီးတီးစတား ဖိုဒန်က ကစားသမားဘ၀ တွဲကစားဖူးသမျှထဲမှာ အရည်အချင်းအရှိဆုံးကစားသမား ၂ ဦးနာမည်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မေလမှာ အသက် ၂၄ နှစ်ပြည့်မယ့် ဖိုဒန်ဟာ စီးတီးအတွက် ပွဲပေါင်း ၃၀၀ ပြည့်တော့မှာဖြစ်သလို အင်္ဂလန်အတွက် ၄၃ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။
ဒါ့အပြင် စီးတီးနဲ့အတူ ပရီးမီးယားလိဂ်အပြင် ချန်ပီယံလိဂ် နဲ့ လိဂ်ဖလား ၄ ကြိမ် ၊ အက်ဖ်အေဖလား ၂ ကြိမ်ရယူထားနိုင်ခဲ့ပါတယ်။
၂၀၂၃ - ၂၄ ရာသီမှာ အကောင်းဆုံးရာသီတစ်ခုဖြစ်ခဲ့ပြီး ဖိုဒန်တစ်ယောက် ၁၉ ဂိုးသွင်း ၊ ၈ ဂိုးဖန်တီးနိုင်ခဲ့ကာ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။
အဆိုပါစွမ်းဆောင်ရည်ကြောင့် ဖိုဒန်ဟာ အင်္ဂလန်အသင်းရဲ့ယူရို ၂၀၂၄ လူစာရင်းမှာ ပါဝင်ခဲ့ပြီး ဆောက်ဂိတ်ရဲ့အသင်းဟာ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပေမယ့် စပိန်ကို အရေးနိမ့်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ဆယ်စုနှစ်တစ်ခုကြာကစားခဲ့သလို အင်္ဂလန်အသင်းနဲ့အတူ ၂၀၂၀ နောက်ပိုင်းကတည်းက စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တဲ့ ဖိုဒန်ဟာ သူ့မျိုးဆက်တစ်လျှောက် အကောင်းဆုံးကစားသမားအချို့နဲ့ တွဲကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် အများကြီးတွဲကစားဖူးပါတယ်။ ဒါပေမယ့် ကျွန်တော် ဒေးဗစ်ဆေးလ်ဗားကို တော်တော်ကြိုက်ပါတယ်။ သူက ကျွန်တော်အားကျရတဲ့သူပါ။ အဲ့တာအပြင် ဒီဘရိုင်းကိုလည်း ကျွန်တော် သဘောကျပါတယ်။
သူဖန်တီးပေးတဲ့ ဂိုးဖန်တီးမှုတွေဟာ တကယ်ကောင်းပါတယ်။ သူတို့ ၂ ယောက်က ကျွန်တော်တွဲကစားဖူးသမျှထဲမှာ အရည်အချင်းအရှိဆုံးသူ ၂ ယောက်ပါ။
တည်ငြိမ်မှုပိုင်းမှာလည်း ကောင်းမွန်သလို ၁၀ မှတ်ပေးမယ်ဆိုရင် ၇ မှတ်ကနေ မထွက်တဲ့သူတွေပါ”လို့ ဖိုဒန်က ပြောကြားခဲ့ပါတယ်။
ခက်ခဲတဲ့ပြိုင်ဘက်အဖြစ် ဖိုဒန်က အကလော့ပ်ရဲ့လီဗာပူးအသင်းကို ရွေးချယ်ခဲ့ပါတယ်။ “တစ်ယောက်ချင်းပြောဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်အသင်းအနေနဲ့ရွေးချယ်ရမယ်ဆိုရင် လီဗာပူးက မာနေး ၊ ဖာမီနို ၊ ဆာလက်တို့နဲ့အတူ တော်တော်လေးကောင်းခဲ့ပါတယ်။
သူတို့ဖိအားပေးတဲ့နည်းလမ်းက ပွဲကစားရာမှာ ခက်ခဲစေပါတယ်။ အချိန်အတော်ကြာ လီဗာပူးက ကျွန်တော်တို့ရဲ့ပြိုင်ဘက်ကောင်းဖြစ်ခဲ့ပါတယ်”လို့ ဖိုဒန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
၅ နှစ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ဖို့ စီးတီးဟာ ဒီနေ့ညမှာ ထိပ်ဆုံးနေရာက လီဗာပူးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
“သူတို့ကိုကြည့်ရတာ အကြေက်အလန့်ကင်းနေပါတယ်။ လက်ရှိမှာ သူတို့ိကို ဘယ်သူမှထင်ကြေးမပေးကြပါဘူး။ ဘာလို့လဲဆိုတော့ အာဆင်နယ် နဲ့ စီးတီးအကြောင်းပဲပြောနေကြတာပါ။
ဒါပေမယ့် သူတို့ဘယ်လောက်ကောင်းလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ တနင်္ဂနွေနေ့ပွဲက စိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်”လို့ အင်္ဂလန်သားက ထပ်လောင်းပြောကြားခဲ့ပါတယ်။