မန်စီးတီးရဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ပက်ဂွါဒီယိုလာတစ်ယောက် ပြင်းပြင်းထန်ထန်ကြိုးစားနေကြောင်း ပြောကြားလာတဲ့ အော်တီဂါ
မန်ချက်စတာစီးတီးဂိုးသမား စတီဖန်အော်တီဂါက လက်ရှိအသင်းရဲ့ရုန်းကန်နေရတဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် နည်းပြကြီး ပက်ဂွါဒီယိုလာဟာ တစ်ဦးတည်းအနေနဲ့တောင် အပြင်းအထန်အလုပ်ကြိုးစားနေကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
လက်ရှိရာသီမှာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ကြုံတွေ့နေရပြီး ပုံစံကောင်းရဖို့ရုန်းကန်နေရတဲ့ မန်စီးတီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာသို့ရောက်ရှိနေပြီး ထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၉ မှတ်အထိကွာဟနေပါတယ်။ ဒါကြောင့် နည်းပြ ဂွါဒီယိုလာအနေနဲ့ အသင်းရဲ့လိုအပ်ချက်တွေအတွက် အဖြေရှာဖွေရာမှာ ပြင်းပြင်းထန်ထန်ကြိုးစားနေတာကြောင့် ရာသီကုန်မှာ ပရီးမီးယားလိဂ်ဖလားထက်ပိုမိုထိုက်တန်တဲ့ ရလဒ်တစ်ခုကို ပုံဖော်နိုင်သင့်ကြောင်း အော်တီဂါက ပြောကြားခဲ့တာဖြစ်ပါတယ်။
အော်တီဂါက “ဂွါဒီယိုလာက ရှုံးရတာကို မကြိုက်ပါဘူး။ ဒါကြောင့် အဖြေရှာနိုင်ဖို့ အတော်လေးစိတ်အားထက်သန်နေပါတယ်။ မကြာသေးမီနှစ်တွေမှာ အင်္ဂလန်ကိုကြီးစိုးနိုင်ခဲ့တဲ့ လူတစ်ယောက်ကို အခုအခြေအနေတွေနဲ့ပတ်သက်ပြီး ဆိုးဆိုးဝါးဝါးဝေဖန်မှုတွေ မပြုလုပ်သင့်ပါဘူး။ သူက တစ်ယောက်တည်းအနေနဲ့တောင် အဖြေရှာနိုင်ဖို့ ကြိုးစားနေသူပါ။ ပက်က အချိန်တိုင်းမှာ ပြီးပြည့်စုံတဲ့လူတစ်ယောက်ပါ။ သူ့ရဲ့လက်ရှိအခြေအနေကလည်း အပြုသဘောဆောင်နေပါတယ်။ ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့နည်းပြတစ်ယောက်လည်းဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ အသင်းရဲ့အဓိကကွင်းလယ်အင်ဂျင်တွေဖြစ်တဲ့ ရိုဒရီနဲ့ ကယ်ဗင်ဒီဘရိုင်းတို့ရဲ့ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရတယ်ဆိုတာ ထင်ရှားနေပြီး လက်ရှိအချိန်မှာတော့ ဂွါဒီယိုလာရဲ့ဦးဆောင်မှုနဲ့အတူ အခက်အခဲတွေကို အဖြေရှာနိုင်ဖို့ အာရုံစိုက်နေရတာဖြစ်ပါတယ်။ ဆက်လက်ပြီး အော်တီဂါက “ဒီလိုခက်ခဲတဲ့အခြေအနေကို အသင်းအနေနဲ့ ကစားသမားတစ်ဦးချင်းစီအလိုက်ရော၊ အသင်းလိုက်ပါကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ရာသီကုန်မှာ အမှတ်ပေးဖလားထက်ပိုမိုတဲ့ ထိုက်တန်မှုမျိုးကို ကျွန်တော်တို့ရသင့်တယ်လို့ထင်ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ပြိုင်ပွဲစုံ ၁၀ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရှိခဲ့တဲ့ မန်စီးတီးဟာ လာမယ့်ဒီဇင်ဘာလ ၂၁ ရက်နေ့မှာတော့ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အပြုသဘောဆောင်တဲ့ရလဒ်မျိုး ပြန်လည်ဖန်တီးသွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။