ဖီဖာနဲ့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ပက်ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့အသင်းကစားသမားတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဖီဖာ(ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်)နဲ့ ပရီးမီးယားလိဂ်တို့ရဲ့ဘောလုံးဆိုင်ရာအကြီးအကဲတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်လိုက်ပါတယ်။ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေက အခုနွေရာသီရာသီကြိုခရီးစဉ်ကို နိုင်ငံတကာပြိုင်ပွဲကြီးတွေ ကစားပြီးနောက် အသင်းဆီပြန်မရောက်လာသေးတဲ့ စီနီယာကစားသမားတွေမပါဝင်ဘဲ ထွက်ခွာလာခဲ့ရပါတယ်။
လတ်တလောမှာ မန်စီးတီးရဲ့စီနီယာကစားသမားအနည်းငယ်နဲ့ပဲအတူရှိနေနိုင်တဲ့ ပက်ဂွါဒီယိုလာက ရာသီကြိုကာလကို ၂၀၂၄-၂၀၂၅ ဘောလုံးရာသီလိဂ်ချန်ပီယံဆု ကာကွယ်နိုင်ရေးအတွက် အပြည့်အဝအသုံးချနိုင်မှာမဟုတ်ဘူးလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ကတ္တလန်သားနည်းပြက ကစားသမားတွေ အနေဖြင့် တစ်နှစ်ပတ်လုံးသာပွဲစဉ်တွေ ကစားနေရမယ်ဆိုရင် သူတို့တွေ သေဆုံးသွားနိုင်တယ်လို့ရှင်းပြရင်း ကျပ်တည်းလှတဲ့ပွဲစဉ်ဇယားရေးဆွဲမှုနဲ့စပ်လျဉ်းလို့ ဖီဖာ၊ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)နဲ့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် မန်စီးတီးနည်းပြက “မန်ချက်စတာယူနိုက်တက်နဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်အတွက်သာမက ချဲလ်ဆီး၊ အပ်ဆွစ်ချ်တို့နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်တွေအထိ ကျွန်တော်တို့အသင်း လူပြန်မစုံနိုင်သေးပါဘူး။ ကျွန်တော်တို့အသင်း လူပြန်စုံဖို့ အတော်လေးစောင့်ရပါဦးမယ်။ ဒါကြောင့် အမှတ်တွေအများကြီး မဆုံးရှုံးရအောင် ကြိုးစားဖို့၊ အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်အောင် ကြိုးစားဖို့ပဲ လိုအပ်ပါတော့တယ်။ အနားယူဖို့ခွင့်ပေးထားတဲ့ကစားသမားတွေ အသင်းမှာ မပါဝင်နိုင်သေးပါဘူး။
ဖီဖာ၊ ယူအီးအက်ဖ်အေနဲ့ ပရီးမီးယားလိဂ်တို့လို အဖွဲ့အစည်းတွေရဲ့ဆရာကြီးတွေက ကစားသမားတွေအကြောင်း ထည့်သွင်းစဉ်းစားပေးလေ့မရှိဘူးဆိုရင် နည်းပြတွေကတော့ သူတို့အကြောင်း ထည့်သွင်းစဉ်းစားပေးရပါမယ်။ ဒီလိုမှမဟုတ်ရင် ကစားသမားတွေ သေဆုံးသွားပါလိမ့်မယ်။ ပွဲစဉ်တွေ အရမ်းများလွန်းပါတယ်။ ဒါကြောင့် အနားယူဖို့ သုံးပတ် (သို့မဟုတ်) တစ်လလောက် လိုအပ်နေတာပါ။ ဒါပေမယ့် ပြိုင်ပွဲက ရောက်လာနေပြီဖြစ်လို့ ဒီအခြေအနေနဲ့အသားကျဖို့လည်း လိုအပ်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး သူက “ ဒါနဲ့ပတ်သက်လို့ အဖြေမရှိသလို အဖြေလည်းရှိလာမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဖြေတစ်ခုရှာဖွေဖို့ စိတ်ဆန္ဒမရှိလို့ပဲ ဖြစ်ပါတယ်။ ကလပ်အသင်းတွေဘက်ကလည်း သူတို့ရဲ့အမှတ်တံဆိပ်ကို ကြေညာနိုင်ဖို့ ကမ္ဘာတဝန်းခရီးထွက်ရပါတယ်။ ဒီနေရာတွေမှာ ကျွန်တော်တို့ရဲ့ကစားသမားတွေကိုတွေ့ကြရဖို့ စောင့်ဆိုင်းနေကြပါတယ်။ ကျွန်တော်တို့ ဒါနဲ့ လိုက်လျောညီထွေရှိအောင် လုပ်သွားရပါမယ်။ ကျွန်တော်တို့ကတော့ မှန်ကန်တဲ့ပြင်ဆင်မှုကို လိုချင်နေပေမယ့် မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ရွေးစင်အသင်းတွေလည်း ပွဲကစားဖို့ ထိုက်တန်သလို ဖီဖာ၊ ယူအီးအက်ဖ်အေနဲ့ ဒေသတွင်းပြိုင်ပွဲတွေကလည်း သူတို့ရဲ့အမှတ်တံဆိပ်ကို ကာကွယ်ချင်ကြပါတယ်။
ဒါကြောင့် ပွဲတွေ စီစဉ်ကြပါတယ်။ လူပြန်စုံသွားရင်တော့ ကျွန်တော်တို့တွေ အသင်းကောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ လိုအပ်ရင် အသုံးပြုနိုင်မယ့် လူငယ်ကစားသမား သုံး၊ လေး၊ ငါးယောက်လောက်လည်း ရှိပါတယ်။ ဒီနှစ်မှာလည်း အရင်လိုအောင်မြင်မှုတွေရယူနိုင်ဖို့ အရင်တုန်းကလုပ်ခဲ့တဲ့ အလုပ်တွေအတိုင်းပဲ ဆက်လုပ်သွားရပါမယ်”လို့ ပြောပါတယ်။
ဆဲလ်တစ်၊ အေစီမီလန်တို့ကို နှစ်ပွဲဆက်ရှုံးနိမ့်ပြီးနောက် ပက်ဂွါဒီယိုလာရဲ့အသင်းက မနက်ဖြန်မနက်၊ ဖလော်ရီဒါပြည်နယ်မှာ ဘာစီလိုနာနဲ့ ခြေစမ်းပွဲစဉ် ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။