
အာဆင်နယ်နဲ့ပွဲစဉ်မှာ တန်ပြန်တိုက်စစ်နည်းဗျူဟာကို ဘာကြောင့်သုံးစွဲသလဲဆိုတာ ရှင်းပြလိုက်တဲ့ ပက်ဂွါဒီယိုလာ
မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ယမန်နေ့ညပိုင်း၊ အမ်မရိတ်စ်မှာ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အတွင်း ပုံမှန်မဟုတ်တဲ့ ခံစစ်အာရုံစိုက်ချဉ်းကပ်မှုနည်းဗျူဟာကို ရွေးချယ်ဖို့ အကြောင်းအရင်းအဖြစ် သူ့အသင်းရဲ့ ပင်ပန်းနွမ်းလျမှုနဲ့ ဒဏ်ရာပြဿနာတွေအပြင် အာဆင်နယ်ရဲ့အရည်အသွေးကိုပါ မီးမောင်းထိုးတင်ပြခဲ့ပါတယ်။
အခုပွဲစဉ်မှာ မန်စီးတီးက ဟာလန်းရဲ့ပွဲချိန် ၉ မိနစ်သွင်းဂိုးဖြင့် သာမန်ပွဲကစားချိန်တလျှောက် ဦးဆောင်ထားခဲ့ပြီး အိမ်ရှင်တွေရဲ့တိုက်စစ်လှိုင်းလုံးကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာတော့ ဂန်နားတွေအတွက် အဖိုးတန်ချေပဂိုးကို လူစားဝင်ကစားသမားမာတင်နယ်လီက သွင်းယူသွားခဲ့ပါတယ်။
အခုပွဲစဉ်မှာ ပုံမှန်သမားရိုးကျပုံစံမှကွဲထွက်ကာ ခံစစ်လုံခြုံမှုဆီ ဦးစားပေးခဲ့တဲ့ ပက်ဂွါဒီယိုလာရဲ့အသင်းက ဘောလုံးပိုင်ဆိုင်မှု ၃၂ ဒဿမ ၈ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ အခုလိုအချက်အလက်တွေရှိခဲ့ပေမဲ့ ပက်ဂွါဒီယိုလာကတော့ တိုးတက်ဖို့လိုအပ်နေသေးချိန် ရမှတ်တော့ ရှာဖွေနိုင်ခဲ့တယ်လို့ ပြောဆိုရင်း ရလဒ်နဲ့ စွမ်းဆောင်ရည်ပိုင်းအပေါ် အလုံးစုံကျေနပ်နေခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “ နာပိုလီနဲ့ပွဲစဉ်က အလွန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကစားသမားများစွာနဲ့အတူ ကျွန်တော်တို့လည်း ပင်ပန်းနွမ်းနယ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့အသင်းမှာ ဒဏ်ရာရကစားသမားတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့က အခုလိုခံစစ်အာရုံစိုက်ချဉ်းကပ်မှုမျိုးကို မကြိုးစားလိုပေမယ့် ပြိုင်ဘက်က အရမ်းကောင်းလာချိန်မှာတော့ ခံစစ်ကို ကျစ်ကျစ်လစ်လစ်ပိတ်ဆို့ကာ တန်ပြန်တိုက်စစ်နဲ့ထိုးနှက်ဖို့ ပြင်ဆင်လာရပါတယ်။ ဒါပေမဲ့ အခုလိုပုံစံမျိုးက ကျွန်တော်တို့ရည်မှန်းထားတဲ့အရာမျိုးတော့ မဟုတ်ပါဘူး။
ကျွန်တော်က ဒီလိုပုံစံမျိုးမကစားစေချင်ဘူးဆိုပေမဲ့ ဒီလိုအဆင့်အတန်းမျိုးမှာ ရှိနေဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့တွေ အမှတ်ရရှိခဲ့ပြီး အချို့ပွဲစဉ်တွေမှာ ချိန်ညှိမှုတွေ လုပ်သွားဖို့ လိုအပ်ပါတယ်။ အခုသီတင်းပတ်အတွင်း ဖြစ်ပျက်သွားတဲ့အရာတွေကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး ပက်ဂွါဒီယိုလာက သူ့အသင်းရဲ့ခံနိုင်ရည်ရှိမှုကို ထပ်လောင်းချီးကျူးဂုဏ်ပြုခဲ့ပြီး “ မျှတတဲ့ ရလဒ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့် အာဆင်နယ် ပိုကောင်းခဲ့တယ်”လို့ ရှင်းပြပါတယ်။
မန်စီးတီးက လာမယ့်စက်တင်ဘာ ၂၇ ရက်မှာ ဘန်လေကို ဧည့်ခံကစားရဖို့ရှိပြီး နောက်တစ်ရက်အကြာမှာပဲ အာဆင်နယ်က နယူးကာဆယ်နဲ့ အဝေးကွင်းပွဲကျပ်ကို ရင်ဆိုင်သွားရပါမယ်။