The network connection is lost.

Banner Image

ယူနိုက်တက်နဲ့ပွဲမှ အာတီတာရဲ့နည်းဗျူဟာတွေအပေါ် ဗီအဲရာ ပြင်းပြင်းထန်ထန်ဝေဖန်

အာဆင်နယ်ဂန္ထဝင်ကစားသမားဟောင်း ပက်ထရစ်ဗီအဲရာက တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ၂-၃ နဲ့အရေးနိမ့်ပြီးနောက် အသင်းနည်းပြ မီခေးလ်အာတီတာရဲ့ နည်းဗျူဟာတွေအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်လာခဲ့ပါတယ်။ 

အာဆင်နယ်အနေနဲ့ ယခုပွဲစဉ်ကို အိမ်ကွင်းအမ်းမရိတ်စ်မှာ ဧည့်ခံကစားခွင့်ရခဲ့တာကြောင့် အနိုင်ရလဒ်ကို ပုံဖော်ပြီး အမှတ်ပေးဇယားကို ရမှတ်ဖြတ်ပြီးဦးဆောင်နိုင်ဖို့ အခွင့်အရေးရခဲ့ပါတယ်။ အာဆင်နယ်ဟာ ယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေမယ့် ဘရိုင်ယန်အမ်ဘွေမိုနဲ့ ပက်ထရစ်ဒေါ်ဂူတို့ရဲ့ဂိုးတွေကြောင့် ၁-၂ နဲ့ပြန်လည်ဦးဆောင်ခြင်းခံခဲ့ရပါတယ်။ 

ထို့နောက်မှာ အာဆင်နယ်ဟာ အသင်းရဲ့ထုံးစံအတိုင်း ထောင့်ကန်ဘောမှတစ်ဆင့် ချေပဂိုးသွင်းယူက ၂-၂ ဆိုတဲ့ရလဒ်ကို ပြန်လည်ပုံဖော်နိုင်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ လူစားဝင်ကစားသမား မားသီးယက်စ်ကွန်ဟာရဲ့ လှပတဲ့ အနိုင်ဂိုးကြောင့် အိမ်ကွင်းမှာ ၂-၃ နဲ့အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ အသင်းရဲ့ဂန္ထဝင် ဗီအဲရာက အာတီတာရဲ့ တိုက်စစ်ပိုင်း ဖန်တီးနိုင်စွမ်းအားနည်းမှုကို ဝေဖန်ခဲ့သလို၊ အသင်းက ဘောလုံးကို နောက်ကိုပဲ ပြန်ပေးနေတယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။  ဗီအဲရာက "အသင်းက ဘာစွန့်စားမှုမှ မယူဘူးလို့ ခံစားရပါတယ်။ ရှေ့ကိုပေးတာထက် နောက်ကို ပြန်ပေးတဲ့ဘောလုံးတွေက ပိုများနေပါတယ်။ အာဆင်နယ်ကို ဒီထက်ပိုပြီး သတ္တိရှိစေချင်ပါတယ်။ ဒီထက်ပိုပြီး စွန့်စားဖို့လိုပါတယ်"

"ကစားပုံက အတော်လေး တင်းကြပ်နေပြီး သက်တောင့်သက်သာမဖြစ်ပါဘူး။ လုံလောက်တဲ့စွန့်စားမှုမျိုးလည်းမလုပ်နိုင်ခဲ့ပါဘူး။ အာဆင်နယ်ကို အခုထပ်ပိုပြီး သတ္တိရှိရှိကစားနေတာမျိုး မြင်ချင်တာပါ" လို့ဝေဖန်ပြောကြားခဲ့ပါတယ်။