The network connection is lost.

Banner Image

ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)တတိယအဆင့်ဆီ ပထမဆုံးအကြိမ်တက်ရောက်လာတဲ့ ပါလက်စတိုင်း

ယမန်နေ့ညပိုင်း၊ လက်ဘနွန်အသင်းနဲ့ ဂိုးမရှိ သရေကျပြီးနောက် ပါလက်စတိုင်းအသင်းက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)တတိယအဆင့်ဆီ ပထမဆုံးအကြိမ်တက်ရောက်လာနိုင်ခဲ့ပါတယ်။

ဂါဇာဒေသရဲ့လုံခြုံရေးအခြေအနေတွေကြောင့် ကာတာမြေမှာ အိမ်ရှင်အဖြစ်လက်ခံကစားတဲ့ ပါလက်စတိုင်းက တစ်ပွဲကစားဖို့ကျန်ရှိနေသေးချိန် လက်ဘနွန်အသင်းကို ငါးမှတ်ဖြတ်ကာ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အလားတူ တောင်ကိုရီးယားအသင်းကလည်း ဆွန်ဟောင်မင်ရဲ့သွင်းဂိုးနှစ်ဂိုးအပါအဝင် စင်င်္ကာပူကို ၇-၀ ဂိုးဖြင့် အနိုင်ယူကာ ၁၁ ကြိမ်ဆက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးရည်မှန်းချက်အတွက် နောက်တစ်ဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

တောင်ကိုးရီးယားနဲ့အုပ်စုတူဖြစ်တဲ့ တရုတ်အသင်းကတော့ ထိုင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျကာ အုပ်စုနောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ်ခံယူရဖို့ ရှိနေပါတယ်။ ဒီအုပ်စုမှာ ငါးပွဲကစားပြီးချိန် တောင်ကိုရီးယားက ရမှတ် ၁၃ ဖြင့် အုပ်စုဗိုလ်နေရာမှာ ရပ်တည်နေပြီး တရုတ်ကတော့ ရမှတ် ၈ မှတ်ဖြင့် ဒုတိယနေရာမှာ ရှိနေပါတယ်။ ထိုင်းကတော့ တရုတ်နဲ့သုံးမှတ်အကွာ ရပ်တည်နေပါတယ်။

အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် တရုတ်က တောင်ကိုရီးယားနဲ့အဝေးကွင်းပွဲစဉ်၊ ထိုင်းက စင်င်္ကာပူနဲ့အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ရှိပြီး အိမ်ကွင်းအနိုင်သုံးမှတ်နဲ့အတူ ထိုင်းအနေဖြင့် နောက်တစ်ဆင့်တက်ရောက်နိုင်ရေး မျှော်လင့်နိုင်ဖွယ် ရှိနေပါတယ်။

စင်င်္ကာပူနဲ့ပွဲစဉ်မှာ တောင်ကိုရီးယားအသင်းအတွက် ဟီးရိုးဖြစ်ခဲ့သူ ဆွန်ဟောင်မင်က “ရလဒ်ပိုင်းကို ကြည့်လိုက်ရင်တော့ စင်ကာပူအသင်းခြေစွမ်း အရမ်းဆိုးရွားလွန်းတယ်လို့ လူတိုင်း ပြောကြပါလိမ့်မယ်။ တကယ့်တော့ အဲ့ဒီအတိုင်း မဟုတ်ပါဘူး။ သူတို့တွေ အကောင်းဆုံး တိုက်ပွဲဝင်ခဲ့ပြီး ကျွန်တော်တို့ကလည်း တည်ငြိမ်မှုရှိရှိ တုံ့ပြန်ခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ ရယူနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

သြစတြေးလျ၊ ဂျပန်၊ အီရတ်နဲ့ ယူအေအီးအသင်းတွေကလည်း အခုနိုင်ငံတကာသီတင်းပတ်မတိုင်ခင် ရာနှုန်းပြည့်နိုင်ပွဲမှတ်တမ်းနဲ့အတူ တတိယအဆင့်ဆီ တက်လှမ်းထားနိုင်ခဲ့ပါတယ်။  အိန္ဒိယနဲ့ အာဖဂန်နစ္စတန်အသင်းတွေကတော့ ရမှတ်တူအနေအထားဖြင့် အုပ်စု(A)ရဲ့ဒုတိယနေရာအတွက် မျှော်လင့်ချက်ရှိနေပါတယ်။

အလားတူ ဗီယက်နမ်နဲ့ မြောက်ကိုရီးယားတို့ကလည်း အခုသီတင်းပတ်မှာ နိုင်ပွဲကိုယ်စီ ရယူကာ သက်ဆိုင်ရာအုပ်စုတွေရဲ့ အုပ်စုဒုတိယနေရာအတွက် မျှော်လင့်နိုင်နေဆဲ ဖြစ်ပါတယ်။