The network connection is lost.
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်ပြီးနောက် သူ့အပေါ်ထားရှိတဲ့ ဒေါ့မွန်အသင်းရဲ့ ယုံကြည်မှုအတွက် ပြန်လည်ပေးဆပ်မှုတွေ စတင်နေပြီလို့ ဂျေဒန်ဆန်ချိုက ယုံကြည်နေပါတယ်။
ဒီနေ့မနက်ပိုင်း၊ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်(ဒု-ကျော့)အဖြစ် ပီအက်စ်ဗွီကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ အင်္ဂလန်လက်ရွေးစင်ကစားသမားက အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဝါရင့်ကွင်းလယ်လူ မာကိုရူးစ်က နောက်ထပ် သွင်းဂိုးရှာဖွေပေးခဲ့လို့ ပွဲစဉ်အပြီး နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးဖြင့် နည်းပြတာဇစ်ရဲ့အသင်းကို နောက်တစ်ဆင့်တက်လှမ်းသွားစေခဲ့ပါတယ်။
အခုပွဲစဉ်အတွက် ဗွေဆော်ဦးဂိုး ရယူနိုင်ခဲ့မှုနဲ့ပတ်သက်ပြီး TNT Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ဆန်ချိုက “ဒီဂိုးက အားလုံးအတွက် စိတ်အေးသက်သာအောင် လုပ်ပေးခဲ့ပါတယ်။ အသင်းဖော်အားလုံးကလည်း ပွဲစဉ်ကို အကောင်းဆုံးစတင်ချင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီထက်ပိုကောင်းတဲ့ ခံစားချက်မျိုး မရှိတော့ပါဘူး။ အသင်းအတွက် သွင်းဂိုးရယူနိုင်လို့ ကျွန်တော်ကိုယ်တိုင်လည်း ကျေနပ်အားရမိပါတယ်”လို့ ပြောပါတယ်။
အခုသွင်းဂိုးက ဂျာမနီမြေဆီ ပြန်ရောက်လာတဲ့ အသက်-၂၃ နှစ်အရွယ် ကစားသမားအတွက် အိမ်ကွင်းမှာ ပထမဆုံး သွင်းယူနိုင်တဲ့ဂိုးဖြစ်လို့ စိတ်လှုပ်ရှားစရာ ဖြစ်နေခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ နှစ်နှစ်ခွဲကြာဖြတ်သန်းပြီးနောက် ထွက်ခွာလာတဲ့ တိုက်စစ်မှူးကို ဒေါ့မွန်က အငှားဖြင့် ပြန်လည်ခေါ်ယူခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဒေါ့မွန်ကစားသမားဘ၀ ပထမအကြိမ်သက်တမ်းမှာ ဆန်ချိုက အသင်းအတွက် ၁၃၇ ပွဲ ပါဝင်ကစားပေးပြီး ဂိုး ၅၀ အထိ သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ မန်ချက်စတာယူနိုက်တက်က သူ့ကို ပေါင် ၇၃ သန်းအသုံးပြုကာခေါ်ယူခဲ့ပေမယ့် အင်္ဂလန်မြေမှာတော့ ပုံစံကောင်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဂျာမန်မြေဆီ ဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာချိန်မှာတော့ ဆန်ချိုရဲ့မျက်နှာမှာ အပြုံးပန်းတွေ ပြန်မြင်တွေ့ခဲ့ရပြီး လွန်ခဲ့တဲ့သီတင်းပတ်ကုန်၊ ဝါဒါဘရီမင်နဲ့ပွဲစဉ်မှာ ကစားသမားကိုယ်တိုင် တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဆန်ချိုက “ကျွန်တော့်အတွေးထဲမှာ ဒေ့ါမွန်အတွက် အထူးနေရာတစ်ခု အမြဲတမ်းရှိထားပေးပါတယ်။ ဒီကလပ်အသင်းနဲ့ပဲ ကျွန်တော့်ရဲ့ကစားသမားဘဝကို တည်ထောင်ခဲ့ရတာပါ။ ကျွန်တော့်အပေါ်ယုံကြည်ပေးခဲ့လို့လည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အသင်းဖော်တွေကိုပါ ကျေးဇူးတင်ရပါလိမ့်မယ်။ ကျွန်တော့်အပေါ် ယုံကြည်ပေးခဲ့တဲ့အတွက်ပေါ့။ ဒီနေ့မှာ နိုင်ပွဲရရှိအောင် အတူတကွစွမ်းဆောင်နိုင်ခဲ့လို့ ကျွန်တော် ပျော်ရွှင်မိပါတယ်။ ကွင်းတွင်းဝင်ရောက်လာချိန်ကတည်းက ဒီပွဲစဉ်က အရမ်းခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိထားခဲ့ပါတယ်။ ဒါပေမယ့် အခုလိုပွဲစဉ်မျိုးကို ကိုယ့်အိမ်ကွင်းပရိသတ်ရှေ့မှောက်မှာ ကစားခွင့်ရရှိတာ အသင်းအတွက် အမြဲတမ်းလိုလိုအားသာချက်တွေ ရှိနေခဲ့ပါတယ်။ အဝတ်လဲခန်းမှာ စကားပြောဖြစ်ချိန်ကစပြီး ကျွန်တော်တို့တွေ ဒီပွဲစဉ်ကို ကျော်ဖြတ်နိုင်မယ်ဆိုတာ သိထားခဲ့ပါတယ်။ ပွဲစတင်ချိန်ကစပြီး နောက်ဆုံးအချိန်အထိ ကျွန်တော်တို့က ကိုယ့်ရဲ့အစီအစဉ်အတိုင်း ပွဲကို စီမံကစားနိုင်ခဲ့သလို နိုင်ပွဲရရှိခဲ့လို့ ကျေနပ်ပျော်ရွှင်မိပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။