
ဒင်းဟူဆန်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ အီရာအိုလာ
ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာက တပည့်ဖြစ်သူ ဒင်းဟူဆန်တစ်ယောက် ရီးရဲလ်အသင်းထံပြောင်းရွှေ့တာကို မြင်ရတာ ကျေနပ်မိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဟူဆန်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဂျူဗင်တပ်စ်အသင်းထံကနေ ဘုန်းမောက်ကိုပြောင်းရွှေ့လာပြီးနောက် စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။
အသက် ၂၀ အရွယ်ကစားသမားဟာ ပွဲဦးထွက်ရာသီမှာတင် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံး ၂ ပွဲဖြစ်တဲ့ မန်စီးတီး ၊ လက်စတာနဲ့ပွဲတွေကို ကစားမှာဖြစ်ပါတယ်။ ဟူဆန်တစ်ယောက် အခုရာသီအကုန်မှာ ဘုန်းမောက်ကနေထွက်ခွာမှာဖြစ်ပြီး အသင်းကြီးတော်တော်များများဖြစ်တဲ့ အာဆင်နယ် ၊ ချဲလ်ဆိး ၊ လီဗာပူးတို့ကလည်း စိတ်ဝင်စားနေပါတယ်။
ဒါပေမယ့် နောက်ဆုံးသတင်းတွေအရ ရီးရဲလ်အသင်းဟာ ဘုန်းမောက်စတားကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးနေရာက ဦးဆောင်နေတယ်လို့ သိရပါတယ်။ ဆိုလိုတာက ရီးရဲလ်အနေနဲ့ ဟူဆန်ရဲ့စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၅၀ ကို ပေးချေဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
ဟူဆန်အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အီရာအိုလာက “တကယ်လို့ သူတို့ကျွန်တော့်အကူအညီလိုတယ်ဆိုရင် ကျွန်တော် သူ့ကိုကူညီပေးမှာပါ။ ကျွန်တော့်အမြင်ကိုလည်း ပြောပြသွားမှာပါ။ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရမယ်လို့ ခင်ဗျားပျော်မှာပါ။ တကယ်လို့ ဒီအပြောင်းအရွှေ့ဖြစ်လာတယ်ဆိုရင် ခင်ဗျားအနေနဲ့ ဒီလိုကစားသမားတွေကို ထိပ်တန်းအသင်းဆီပို့ဆောင်ပေးနိုင်တဲ့အတွက် ခင်ဗျားကိုချီးကျူးနေမှာပါ။
အခြားကစားသမားတွေလည်း ခြေစွမ်းကောင်းမယ်ဆိုရင် ဒီလိုမျိုးအပြောင်းအရွှေ့တွေဖြစ်လာမှာပါ။ နောက်တစ်ဆင့်တက်နိုင်ဖို့ဆိုတာကလည်း ကစားသမားအပေါ်မှာ မူတည်ပါတယ်။ ဒင်းဆိုရင် တကယ့်ထိပ်တန်းစွမ်းဆောင်ရည်ပြသထားနိုင်ခဲ့ပါတယ်”လို့ အီရာအိုလာက ပြောကြားခဲ့ပါတယ်။
ဟူဆန်ကတော့ သူ့အနာဂတ်နဲ့ပတ်သက်ပြီး “ကျွန်တော် စိတ်အေးအေးထားပါတယ်။ အခုတော့ အသင်းဖော်တွေနဲ့ ပျော်နေပါတယ်။ ကျွန်တော် အနာဂတ်အကြောင်းမတွေးဖြစ်ပါဘူး။ မနက်ခင်းတိုင်း လေ့ကျင့်ခန်းဆင်းဖို့ သွားသလို ဒီအစုအဖွဲ့နဲ့အတူ အသင်းအတွက် အားလုံးပေးဆပ်နေပါတယ်။ လက်ရှိမှာ ဘောလုံးကန်ရတာကို နှစ်သက်ပါတယ်။ မှန်ပါတယ်။ ထိပ်တန်းအသင်းဆီပြောင်းခွင့်ရမယ်ဆိုရင် ကျွန်တော် တကယ်ပျော်မိမှာပါ”လို့ ဟူဆန်က ပြောကြားခဲ့ပါတယ်။