The network connection is lost.

Banner Image

ကစားသမားအင်အားထပ်မံဖြည့်တင်းပေးဖို့ အသင်းဆီ တောင်းဆိုခဲ့တဲ့ ဟယ်ရီကိန်း

စတုဂတ်ကိုအနိုင်ရရှိခဲ့တဲ့ ဂျာမန်စူပါဖလားပွဲစဉ်အပြီး ဟယ်ရီကိန်းက အသင်းလူစာရင်းပိုင်းအင်အားနည်းပါးနေခြင်းအတွက် ကစားသမားသစ်ထပ်မံခေါ်ယူပေးဖို့ ဘိုင်ယန်မြူးနစ်ဆီ တိုက်တွန်းခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဆီ လူးဝစ်ဒီယက်ဇ်၊ ဂျိုနသန်တာနဲ့ တွမ်ဘစ်ချော့ဖ်တို့ ရောက်ရှိလာခဲ့ပေမယ့် ရှိရင်းစွဲကစားသမားတစ်ဒါဇင်လောက် အသင်းမှ အငှား(သို့မဟုတ်)အပြီးသတ်ဖြင့် ထွက်ခွာသွားခဲ့ပါတယ်။ စတုဂတ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ဂျာမန်စူပါဖလားဖိုင်နယ်အပြီး အင်္ဂလန်ကပ္ပတိန်ဟယ်ရီကိန်းက ကလပ်အသင်းအကြီးအကဲတွေဆီ အသင်းလူစာရင်းပိုင်းမှာ အင်အားဖြည့်တင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

talkSPORT မှတဆင့် ဟယ်ရီကိန်းက “ ကျွန်တော်ကစားခဲ့ဖူးသမျှ အသေးငယ်ဆုံးလူစာရင်းစုဖွဲ့မှုတွေအနက် တစ်ခုတောင် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းဖို့ဆိုတာလည်း အချိန်တွေ ကျန်ရှိနေသေးလို့ ဘုတ်အဖွဲ့ဝင် မတ်ခ်အီဘရယ်လ်၊ အားကစားဒါရိုက်တာ ခရစ္စတိုဖာဖရွန်ချ်နဲ့ နည်းပြတို့အကြား ဆုံးဖြတ်ချက်တွေ ချမှတ်လို့ ရနိုင်ပါသေးတယ်။ ကျွန်တော်တို့အတွက် ရာသီကြိုကာလမှာ အကောင်းဆုံးလုပ်ပြထားနိုင်တဲ့ လူငယ်ကစားသမားအချို့လည်း ရှိပေမယ့် အသင်းလူစာရင်းက အင်အားနည်းပါးနေတုန်းပါပဲ။ ဒါပေမဲ့ ဒီကိစ္စတွေက ကစားသမားတွေရဲ့ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဘွန်ဒက်စ်လီဂါချန်ပီယံဆုဆွတ်ခူးပြီးနောက် ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်ကို ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမတိုင်ခင် အဆင့်အတန်းသိသိသာသာတိုးမြှင်ထားဖို့ မျှော်လင့်နေခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုတိုးမြှင့်မှုအစား မာသီးတဲလ်၊ ကင်းစလေကိုးမန်းနဲ့ လီရွိုင်းဆာနေးတို့ပဲ အသင်းမှထွက်ခွာသွားခဲ့ပါတယ်။ အဓိကကစားသမားအချို့ကို ရောင်းထုတ်ထားခြင်းမရှိပေမယ့် အခုဘောလုံးရာသီအတွက် ဘိုင်ယန်မြူးနစ်လူစာရင်းပိုင်းက အင်အားတောင့်တင်းနေပြီလို့တော့ မယူဆနိုင်ပါဘူး။ ဒီထက်ပိုပြီး ဆုဖလားအောင်မြင်မှုတွေ ရယူချင်တယ်ဆိုရင် ကစားသမားတွေကို အရေးတကြီးခေါ်ယူသွားဖို့ လိုအပ်နိုင်ပါတယ်။

ဒီလကုန်၊ နွေရာသီဈေးကွက် ပိတ်သိမ်းသွားဖို့ရှိနေမှုနဲ့အတူ အပြောင်းအရွှေ့ဈေးကွက်မှာ ဘိုင်ယန်မြူးနစ်အတွက် လှုပ်ရှားနိုင်ဖို့ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာပါပြီ။ ဒီမတိုင်ခင်တော့ သူတို့တွေက လာမယ့်သောကြာနေ့၊ ဘွန်ဒက်စ်လီဂါရာသီအဖွင့်ပွဲစဉ်အဖြစ် လိုက်ပ်ဇစ်နဲ့ ရင်ဆိုင်သွားရပါမယ်။