
ယူနိုက်တက်ကိုရှုံးနိမ်ခဲ့ခြင်းမှာ သူ့ကြောင့်ဖြစ်တယ်လို့ ဝန်ခံလာတဲ့ ဆန်းချက်ဇ်
စနေနေ့ညက အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ၂-၁ နဲ့အရေးနိမ့်ခဲ့ပြီးနောက် ပွဲအစ ၅ မိနစ်မှာပဲ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့ ချဲလ်ဆီးဂိုးသမား ရောဘတ်ဆန်းချက်ဇ်က ယခုလိုရှုံးနိမ့်ခဲ့ခြင်းမှာ သူ့ကြောင့်ဖြစ်တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
ဆန်းချက်ဇ်ဟာ ပွဲကစားချိန် ၅ မိနစ်မှာပဲ ယူနိုက်တက်တောင်ပံကစားသမား ဘရိုင်ယန်အမ်ဘွေမိုကို ဂိုးဧရိယာအစပ်နားမှာ ဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ချဲလ်ဆီးအနေနဲ့ ပထမပိုင်းတစ်ပိုင်းလုံး ကစားသမား တစ်ယောက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆန်းချက်ဇ်က "ဒီနေ့ ယူနိုက်တက်ကိုရှုံးသွားတာ ကျွန်တော့်ကြောင့်ပါ။ အနူးအညွတ်တောင်းပန်ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ဘက်က ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ကြပေမယ့် သရေရလဒ်ကိုတော့ မရခဲ့ပါဘူး" လို့ပရိသတ်တွေကို ရေးသားတောင်းပန်ခဲ့ပါတယ်။
ဆန်းချက်ဇ်ဟာ ချဲလ်ဆီးသမိုင်းတစ်လျှောက် ပွဲကစားချိန်အစောဆုံး ထုတ်ပယ်ခံခဲ့ရတဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ ဂိုးသမား အနီကတ်ပြထုတ်ပယ်ခံခဲ့ခြင်းမှာ ယခင်က ၂ ကြိမ်သာရှိခဲ့ပြီး ဆန်းချက်ဇ်က ၃ ယောက်မြောက်ကစားသမားဖြစ်ခဲ့ပါတယ်။
ဆန်းချက်ဇ်အနေနဲ့ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပေမယ့် ဘောလုံးကိုသာ ရည်ရွယ်ပြီး ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်လို့ တစ်ပွဲသာပယ်ခံရမယ်လို့သိရပါတယ်။ ဒါကြောင့် ဘရိုက်တန်ကြယ်ပွင့်ဟောင်းဟာ အင်္ဂါနေ့ လင်ကွန်းစီးတီးနဲ့ယှဉ်ပြိုင်သွားရမယ့် ကာရာဘောင်ဖလားပွဲစဉ်ကိုသာ လွဲချော်သွားမှာဖြစ်ပြီး တနင်္ဂနွေနေ့ ဘရိုက်တန်နဲ့ ကစားသွားမယ့်ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်နိုင်မှာဖြစ်ပါတယ်။