ဂရိနိုင်ငံ၊ အေသင်မြို့ဖိုင်နယ်ပွဲစဉ်မှာတော့ အိုလံပီယာကို့စ်က ဖီအိုရင်တီးနားကို အချိန်ပို တစ်လုံးတည်းသော သွင်းဂိုးနဲ့ ၁-၀ ဂိုးဖြင့် အနိုင်ယူကာ ယူရိုပါကွန်ဖရန့်လိဂ်ချန်ပီယံသစ် ဖြစ်လာခဲ့ပါတယ်။
ဖီအိုရင်တီးနားအပေါ် အခုလိုကျဉ်းမြောင်းတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့မှုကြောင့် အိုလံပီယာကို့စ်က ဥရောပအဆင့်ဆုဖလားရယူနိုင်တဲ့ ပထမဆုံး ဂရိပြည်တွင်းကလပ် ဖြစ်လာပါတယ်။ တဖက်မှာတော့ ဖီအိုရင်တီးနားက ယူရိုပါကွန်ဖရန့်လိဂ်ဗိုလ်လုပွဲနှစ်နှစ်ဆက်ရှုံးနိမ့်ကာ ကြေကွဲစရာနိဂုံးကို ပိုင်ဆိုင်ခဲ့ပါတယ်။
ဂရိမြေ၊ AEK အေသင်ရဲ့အိမ်ကွင်းမှာယှဉ်ပြိုင်ကစားရတဲ့ပွဲစဉ်ဖြစ်လို့ အိမ်ရှင်ကလပ်အသင်းလိုဖြစ်နေတဲ့ အိုလံပီယာကို့စ်က ပွဲချိန်တွေကို အကောင်းဆုံးစတင်နိုင်ခဲ့တာ အံ့သြစရာတော့ မရှိပါဘူး။ ပွဲအစငါးမိနစ်အတွင်းမှာပဲ ဝုဗ်မှ အငှားလာရောက်ကစားနေတဲ့ ပိုဒန့်ရဲ့ အဝေးကန်ချက်ကို ဖီအိုရင်တီးနားဂိုးသမား တာရက်စီယာနို ပုတ်ထုတ်ကာကွယ်သွားလို့ အဖွင့်ဂိုးနဲ့ ဝေးကွာခဲ့ရပါတယ်။
နောက်ပိုင်းမှာ ဖီအိုရင်တီးနားကလည်း ပွဲစဉ်ဆီ အမြန်ဆုံးပြန်လာနိုင်ခဲ့ပြီး ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒီသွင်းဂိုးကို ပွဲကြီးကြပ်သူတွေက ခွင့်မပြုပေးခဲ့ပါဘူး။ ထောင့်ကန်ဘောမှတဆင့် ရရှိလာတဲ့အခွင့်အရေးကို မီလန်ကိုဗစ်က အနီးကပ်ပိတ်သွင်းယူပေမယ့် ဂိုးသွင်းယူချိန် လူကျွံအနေအထားမှာရှိနေခဲ့လို့ ဒီကြိုးပမ်းမှုကို VAR ရဲ့ အတည်ပြုချက်နဲ့အတူ ခွင့်မပြုပေးခဲ့ပါဘူး။
နောက်ထပ်လည်း စီးရီးအေကလပ်အတွက် အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမယ့် ဘိုနာဗန်ကျူရာရဲ့ အံ့အားသင့်ဖွယ်လွဲချော်မှုနဲ့အတူ ဦးဆောင်ဂိုးနဲ့ အလှမ်းဝေးခဲ့ရပါတယ်။ နီကိုးလပ်စ်ဂွန်ဇာလက်စ်ကလည်း ဖလောရင့်စ်သားတွေ အတွက် နောက်ထပ်အခွင့်အရေးကောင်းကို အသုံးချဖို့ ကြိုးစားခဲ့ပေမယ့် အသင်းဖော်တွေနဲ့ချိတ်ဆက်မှုအားနည်းခဲ့တာကြောင့် ဘောလုံးနဲ့ ဂိုးပေါက် မိတ်ဆက်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။
ဒုတိယပိုင်းပွဲချိန်ပြန်လည်စတင်လာချိန်မှာလည်း နှစ်သင်းစလုံးက အဝေးဘောပေးပို့မှုတွေကို အားပြုကာ ပြိုင်ဘက်ခံစစ်ကြောင်းကို ထိုးဖောက်ဖို့ကြိုးစားရင်း အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ အိုလံပီယာကို့စ်က အခုရာသီ၊ အသင်းအတွက် ဥရောပသွင်းဂိုး ၁၅ ဂိုးအထိ ရယူပေးထားတဲ့ တိုက်စစ်မှူး အယ်လ်ကာဘီရဲ့တိုးအားတွေနဲ့အတူ ဖိအားပေးဖို့ ပြင်ဆင်လာခဲ့ပေမယ့် ဖီအိုရင်တီးနားခံစစ်ပိုင်းကလည်း ပြိုင်ဘက်ရဲ့တိုက်စစ်လှိုင်းတွေကို ကြံ့ကြံ့ခံတုံ့ပြန်နိုင်ခဲ့ပါတယ်။
အလားတူ ဝါရင့်ကစားသမား အီဘော်လာရဲ့အနီးကပ်ခေါင်းတိုက်ချက် ဂိုးပေါက်နဲ့အနည်းငယ်လွဲချော်သွားလို့ အိုလံပီယာကို့စ်တို့ ဦးဆောင်ဂိုးနဲ့ ထပ်မံဝေးကွာသွားခဲ့ရပြန်ပါတယ်။ နှစ်သင်းလုံးက သာမန်ပွဲကစားချိန်အတွင်း အနိုင်အရှုံးအဖြေပေါ်အောင် မစွမ်းဆောင်နိုင်ခဲ့လို့ အချိန်ပိုမိနစ် ၃၀ ကစားရဖို့ ဖြစ်တည်လာခဲ့ပါတယ်။
အချိန်ပိုမိနစ်တွေမှာလည်း အပြန်အလှန်ယှဉ်ပြိုင်ကစားခဲ့ပေမယ့် သွင်းဂိုးမရရှိလို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူရန် နီးစပ်လာခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အိုလံပီယာကို့စ်တို့ ဦးဆောင်ဂိုးရရှိခဲ့ပြီး ဒီသွင်းဂိုးကို သွင်းယူပေးခဲ့သူကလည်း အယ်လ်ကာဘီပဲ ဖြစ်ပါတယ်။
အချိန်ပိုမိနစ်တွေကုန်ဆုံးဖို့ လေးမိနစ်အလိုမှာပဲ အသင်းဖော် ဆန်တီယာဂိုဟက်ဇ်ဇီရဲ့ဖြတ်တင်ဘောကို မော်ရိုကိုတိုက်စစ်မှူးက ခေါင်းတိုက်အဆုံးသတ်ကာ ဂိုးသွင်းယူခဲ့ပါတယ်။ ရှည်လျားတဲ့ VAR စစ်ဆေးမှုအပြီးမှာ ဒီသွင်ဂိုးကို ခွင့်ပြုပေးခဲ့လို့ အောင်ပွဲခံမှုတွေက ကွင်းပွင့်ထွက်မတက် ဖြစ်သွားပါတယ်။
လက်ကျန်မိနစ်အနည်းငယ်ကစားပြီးနောက် ဂရိနိုင်ငံ၊ အေသင်မြို့တော်မှာ အိုလံပီယာကို့စ်အသင်း အောင်ပွဲခံမှုတွေ ပြည့်နှက်သွားခဲ့ပါတယ်။