ဖီအိုရင်တီးနားနဲ့ သရေကျခဲ့ပေမဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ရာသီကြိုခြေစွမ်းအပေါ် အစအဆုံးသဘောကျတယ်လို့ မော်ရင်ဟိုဆို
ဖီအိုရင်တီးနားအသင်းနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အပြီး နည်းပြမော်ရင်ဟိုက သူ့ရဲ့ရီးရဲလ်မက်ဒရစ်ကစားသမားတွေကို ချီးကျူးစကား ပြောဆိုလိုက်ပါတယ်။
မော်ရင်ဟိုက သုံးနှစ်တာကာလအတွင်း ၂၀၁၁-၂၀၁၂ လာလီဂါဖလား၊ ၂၀၁၀-၂၀၁၁ ကိုပါဒယ်လ်ရေးဖလားနဲ့ ၂၀၁၂ စပိန်စူပါဖလားတို့ကို ရယူပေးခဲ့ပြီးနောက် ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာ အသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။ အခုတော့ သူက အချိန်အတော်ကြာဝေးကွာခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့နည်းပြခုံတန်းဆီ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းကလည်း နှစ်ရာသီဆက်ဆုဖလားလက်မဲ့ ဖြစ်ခဲ့ပြီးနောက် အောင်မြင်မှုတွေ ပြန်ရရှိဖို့အတွက် ပါရမီရှင်နည်းပြမော်ရင်ဟိုကို အားကိုးတကြီး ပြန်လည်ခန့်အပ်ခဲ့ပါတယ်။ လတ်တလောမှာ စပိန်ထိပ်သီးကလပ်အသင်းက ရာသီကြိုကာလကို ဖြတ်သန်းနေပြီး နာမည်ကြီးကစားသမားတွေ မပါဝင်နိုင်သေးမဲ့ အသင်းရဲ့ကစားပုံအပေါ် မော်ရင်ဟို အတော်လေးကျေနပ်အားရနေပါတယ်။
"ကျွန်တော်တော့ အရာအားလုံးကို သဘောကျပါတယ်။ အဝတ်လဲခန်းထဲရောက်ချိန် ဖုန်းကြည့်လိုက်တော့ 'မျက်နှာနှစ်မျိုးနဲ့ ရီးရဲလ်မက်ဒရစ်' ဆိုတဲ့ သတင်းခေါင်းစဉ်ကို တွေ့ရပါတယ်။ တကယ်တော့ ဒီနေ့မှာ ရီးရဲလ်မက်ဒရစ်က မျက်နှာသုံးမျိုး ပြသခဲ့တာပါ၊ အဲဒါတွေကတော့ လန်းဆန်းနေတဲ့ပုံစံ၊ ပင်ပန်းနေတဲ့ပုံစံနဲ့ အရမ်းကို ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံတွေပါပဲ" လို့ မော်ရင်ဟိုက နောက်ပြောင်ပြီး ပြောခဲ့ပါတယ်။
"လန်းဆန်းနေတဲ့ ကစားသမားတွေက တကယ်ကို အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ တကယ့်ကို အရည်အသွေးမြင့်မားတဲ့ ကစားကွက်တွေကြောင့် ပထမပိုင်းမှာ ၂-၁ ဂိုးဆိုတဲ့ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အီတလီအသင်းတွေရဲ့ထုံးစံအတိုင်း ကာယအားပြုကစားလာပြီး ကျွန်တော်တို့ကို ဖိအားပေးလာပါတယ်။ သူတို့တိုက်စစ်မှူးမွိုက်စ်ကိန်းက ကျွန်တော်တို့ရဲ့အသက် ၁၈ နှစ်အရွယ်ကောင်လေးနှစ်ဦးနဲ့ ဂိုးဧရိယာထဲမှာ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီကောင်လေးနှစ်ဦးမှာ မွိုက်စ်ကိန်းရဲ့အဆင့်အတန်းမျိုး မရှိသေးပေမဲ့ တကယ်ကို အကောင်းဆုံးကစားပြသွားပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ အရမ်းပင်ပန်းနေတဲ့ကြားမှာပဲ ပွဲစဉ်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိနေခဲ့တဲ့ ပုံစံပါပဲ" လို့ မော်ရင်ဟိုက ရှင်းပြပါတယ်။
အခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးရရှိခဲ့သလို ဂိုးပေါက်ကန်သွင်းမှု ၁၁ ကြိမ်(ဂိုးပေါက်တည့်ကန်ချက်လေးကြိမ်)ရှိခဲ့ပြီး ဖီအိုရင်တီးနားရဲ့ ဂိုးပေါက်ကန်သွင်းမှု ၁၀ ကြိမ် (ဂိုးပေါက်တည့်ကန်ချက်သုံးကြိမ်)ထက် အနည်းငယ်ပိုများခဲ့ပါတယ်။
လာမယ့်သီတင်းပတ်တွေအတွင်း အမ်ဘာပေတို့လို ထိပ်တန်းကစားသမားတွေ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းလာဖို့ရှိသလို ရီးရဲလ်မက်ဒရစ်ကလည်း ဖီရန်ဗာရို့စ်၊ ရှော်လ်ကေး၊တို့နဲ့ ခြေစမ်းပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်ကစားသွားပါမယ်။ ဒီနောက်ပိုင်းမှာတော့ မော်ရင်ဟိုရဲ့အသင်းက အက်စပန်ညိုနဲ့ လာလီဂါရာသီအဖွင့်ပွဲစဉ်ကို ရင်ဆိုင်သွားရပါမယ်။