
ယူနိုက်တက်နည်းပြဟောင်းနဲ့တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ဆိုးလ်ရှား ထုတ်ဖော်ပြောကြား
ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားက မော်ရင်ဟိုနဲ့အစ္စတန်ဘူလ်မှာ တွေ့ဆုံဖို့စီစဉ်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်နဲ့အတူ ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့တဲ့ ဆိုးလ်ရှားဟာ ၂၀၁၈ မော်ရင်ဟိုထွက်ခွာချိန်မှာ အသင်းဟောင်းကို တာဝန်ယူခဲ့တာဖြစ်ပါတယ်။
၂၀၂၁ နိုဝင်ဘာမှာ အထုတ်မခံရခင် ဆိုးလ်ရှားတစ်ယောက် ယူနိုက်တက်ကို ၁၆၈ ပွဲအထိ ကိုင်တွယ်ခဲ့ပါတယ်။ ကာလရှည်ကိုင်တွယ်မှုကနေ ရပ်နားခဲ့ပြီးနောက် အခုလက်ရှိအချိန်မှာ ဆိုးလ်ရှားတစ်ယောက် ဘက်ဆစ်တက်ခ်အသင်းကို တာဝန်ယူနေတာဖြစ်ပါတယ်။
ဘက်ဆစ်တက်ခ်အသင်းကို စတင်ကိုင်တွယ်တဲ့ ၈ ပွဲမှာ ၆ ပွဲအထိ အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပြီး မကြာခင်ဒါဘီပွဲအဖြစ် မော်ရင်ဟိုနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ အင်္ဂလန်မြေမှာ ၂ ဦးကြား ယူနိုက်တက် နဲ့ တော့တင်ဟမ်အသင်းတို့ တွေ့ဆုံရမှာဖြစ်ပေမယ့် ကိုဗစ်ကြောင့် လွဲချော်ခဲ့ကြပါတယ်။ အခုချိန်မှာ တူရကီမြေမှာ တွေ့ဆုံကြတော့မှာဖြစ်ပြီး အင်တာဗျူးမှာ ဆိုးလ်ရှားက “နိုး ကျွန်တော်တို့ မကြာခင်တွေ့ဆုံကြတော့မှာဖြစ်ပြီး သူ့ကိုလေးစားမှုအများကြီးရှိပါတယ်။ ဂျို့စ်တစ်ယောက် နည်းပြလောကမှာ လုပ်ပြခဲ့တာတွေက အထင်ကြီးစရာတွေပါ။
ကျွန်တော်တို့ တွေ့ဆုံမှုမရှိခဲ့သလို စကားမပြောဖြစ်တာလည်း ကြာပါပြီ။ ဘာလို့လဲဆိုတော့ အဲ့အချိန်တုန်းက သူကလည်း တော့တင်ဟမ်မှာ ကျွန်တော်ကလည်း ယူနိုက်တက်မှာ ကိုဗစ်လည်းဖြစ်နေတာပါ။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ မကြာခင်တွေ့ဆုံကြတော့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။ ဘက်ဆစ်တက်ခ် နဲ့ ဖီနာဘာချီတို့ကြား မေလ ၄ ရက်နေ့မှာ တွေ့ဆုံမှာဖြစ်ပြီး မော်ရင်ဟိုရဲ့အသင်းက ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။
ဘက်ဆစ်တက်ခ်ကတော့ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အာရုံစိုက်နေတာဖြစ်ပါတယ်။