The network connection is lost.

Banner Image

ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်လည်ပြင်ဆင်ပြီးနောက် အသင်းအနေနဲ့ တိုးတက်မှုကို သေချာပေါက်ပြသသွားရမယ်လို့ အခိုင်အမာပြောကြားလာတဲ့ ဒါလော့

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဒီယေဂိုဒါလော့က အသင်းအနေနဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပေါင်သန်း ၅၀ အထိအကုန်အကျခံပြီး ပြင်ဆင်ထားတာကြောင့် ကစားသမားတွေဟာ လာမယ့်ရာသီမှာ ပိုမိုတိုးတက်တဲ့ စွမ်းဆောင်ရည်တွေကို ပြသသွားရမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်း ပြန်လည်မွမ်းမံတည်ဆောက်မှုကို ယခုအခါမှာ အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပြီး စုစုပေါင်း ပေါင်သန်း ၅၀ အထိ ကုန်ကျခဲ့တယ်လို့သိရပါတယ်။ လက်ရှိပြင်ဆင်ထားတဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ယူနိုက်တက်ဟာ ကစားသမားတွေအတွက် အိပ်ဆောင်တွေ၊ Padel ကွင်းတစ်ကွင်း၊ Formula 1 simulator တွေအပြင် ဆံပင်ညှပ်ခန်းတွေထည့်သွင်းထားတာဖြစ်ပါတယ်။ 

ယခုအခါမှာ ဒါလော့က “ကာရင်တန်က ကျွန်တော်တို့အတွက် ဒုတိယအိမ်ပါပဲ။ အိမ်မှာ မိသားစုနဲ့အချိန်ဖြုန်းတာထက် ဒီမှာနေရတဲ့အချိန်က ကျွန်တော်တို့အတွက် ပိုများပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ ဒုတိယအိမ်က ပိုကောင်းသွားပါပြီ။ ကာရင်တန်နဲ့အသားကျဖို့ ကျွန်တော်တို့ အချိန်မလိုအပ်ပါဘူး။ အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီကလောက် အခက်အခဲတွေ၊ ပွဲစဉ်တွေအများကြီးကစားရဖို့မရှိပေမယ့် လေကျင့်ရေးကွင်းက ပိုကောင်းလာပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ပိုကောင်းတဲ့ခြေစွမ်းတွေပြသသွားရမှာဖြစ်ပြီး ဆင်ခြေတွေပေးနေလို့ မရတော့ပါဘူး”

“ကျွန်တော်တို့ရဲ့ရည်မှန်းချက်က အသင်းကို ထိပ်တန်းနေရာပြန်ပို့ပေးနိုင်ဖို့ပါ။ အခုဆိုရင် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါအကောင်းဆုံးတည်ဆောက်ဖို့ ကျွန်တော်တို့မှာ လိုအပ်တာတွေအားလုံးရှိနေပါပြီ” လို့ပြောကြားခဲ့ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ နောက်ဆုံးရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ကလပ်ကြယ်ပွင့်ဟောင်း ဒီဂီယာပါဝင်တဲ့ ဖီအိုရင်တီးနားကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားပါမယ်။