The network connection is lost.

Banner Image

အရေးကြီးပွဲစဉ်မတိုင်ခင် လေ့ကျင့်ရေးကွင်းကို သပိတ်မှောက်လိုက်တဲ့ နိုင်ဂျီးရီးယားကစားသမားများ

ဂါဘွန်နဲ့ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် ဆုကြေးငွေဆိုင်ရာအငြင်းပွားမှုတစ်ခုကြောင့် နိုင်ဂျီးရီးယားကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေက လေ့ကျင့်ရေးအစီအစဉ်ကို သပိတ်မှောက်ခဲ့ကြပါတယ်။ မော်ရိုကိုနိုင်ငံ၊ ရာဘတ်မြို့ဆီ ရောက်ရှိနေတဲ့ စူပါအီးဂဲလ်တွေက ကစားသမားအချို့အတွက် ၂၀၁၉ ခုနှစ်မှစတင်ကာ ဆုကြေးငွေများပေးချေရန်ကျန်ရှိနေမှုနဲ့အတူ အသင်းအတွက် ပုံမှန်ထောက်ပံ့ကြေးနဲ့ လုပ်အားခမပေးချေမှုအပေါ် သပိတ်မှောက်ဆန္ဒထုတ်ဖော်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ဂျီးရီးယားပြည်တွင်းသတင်းဌာနတွေရဲ့အဆိုအရ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲခြေစစ်ပွဲ အောင်မြင်ပြီးနောက် အသင်းအတွက်ပေးချေရမယ့် ဆုကြေးငွေတွေလည်း မရရှိသေးဘူးလို့ သိရပါတယ်။ ကစားသမားတွေကိုယ်တိုင် နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်(NFF)ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ပြေလည်မှုတစုံတရာ မရရှိခဲ့ပါဘူး။

နိုင်ငံဂျီးရီးယားလက်ရွေးစင်အသင်းတစ်ခုလုံးကို ကိုယ်စားပြုတဲ့ ကြေညာချက်တစ်ခုမှာ “ အသင်းတာဝန်ရှိသူတွေအပါအဝင် အသင်းတစ်ခုလုံးက လက်ရှိရင်ဆိုင်နေရတဲ့ ပေးချေမှု ဆိုင်ရာ အကျပ်အတည်းကြောင့် မော်ရိုကိုမှာ ဒီနေ့ပြုလုပ်မယ့် လေ့ကျင့်ရေးအစီအစဉ်ကို ရပ်ဆိုင်းထားခဲ့ပါတယ်။ စူပါအီးဂဲလ်တွေကတော့ ကြာသပတေးနေ့၊ ဂါဘွန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ရန် ဆုံးဖြတ်ချက်တစ်ခု အမြန်ဆုံးထွက်ပေါ်လာဖို့ မျှော်လင့်နေပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ဖော်ပြထားပါတယ်။

စူပါအီးဂဲလ်ကပ္ပတိန် ဝီလျံစ်ထရောက်အီကောင်းကလည်း “ ဆုံးဖြတ်ချက်တစ်ခုထွက်ပေါ်လာတာနဲ့ ကျွန်တော်တို့ ချက်ချင်းအတည်ပြုပေးပါမယ်။ ကျွန်တော်တို့အားလုံးလိုချင်တဲ့အရာတစ်ခုက ရှေ့လာမယ့် ပွဲကြီးတွေဆီ အာရုံစိုက်ထားဖို့ပါပဲ”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ အခုသပိတ်တိုက်ပွဲကြောင့် နိုင်ဂျီးရီးယားရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲအောင်မြင်ရေး မရေမရာမျှော်လင့်ချက်တွေ ရပ်တန့်သွားခဲ့ပါတယ်။ သူတို့တွေက ဂါဘွန်ကိုရှုံးနိမ့်မယ်ဆိုရင် ခြေစစ်ပွဲအဆင့်မှာတင် ထွက်ခွာသွားရပါလိမ့်မယ်။

ဒါက နိုင်ဂျီးရီးယားအသင်းရဲ့ပထမဆုံးအရှုပ်ပုံတော့ မဟုတ်ပါဘူး။ အခုသီတင်းပတ်အစောပိုင်း၊ သတင်းခေါင်းကြီးပိုင်းတွေမှာ ဖူလ်ဟမ်ကစားသမားအီဝိုဘီရဲ့ အသင်းစခန်းချရာ ဟိုတယ်အပေါ် ဝေဖန်ထားတဲ့ ဗီဒီယိုတစ်ခုထွက်ပေါ်လာပုံကို ဖော်ပြခဲ့ကြပါတယ်။ အခုလိုအငြင်းပွားမှုတွေ ဆက်ရှိနေပေမယ့် အီဝိုဘီကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ဂျီးရီးယားတွေ နေရာတစ်ခုရရှိနိုင်မယ်လို့ ယုံကြည်နေပါတယ်။

BBC Africa နဲ့တွေ့ဆုံချိန် အီဝိုဘီက “ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ အခွင့်အလမ်းတစ်ခု ဆုပ်ကိုင်ထားခြင်းဖြင့် ယုံကြည်မှုလည်း မြင့်မားနေပါတယ်။ ကျွန်တော်က ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဒါမျိုး နောက်တစ်ကြိမ်ထပ်လုပ်ချင်ပါတယ်။ ဒီလိုအခွင့်အရေးရရှိဖို့လည်း မျှော်လင့်မိပါတယ်။ လွယ်တော့ မလွယ်ကူပါဘူး”လို့ ပြောပါတယ်။ အခုအခြေအနေနဲ့ပတ်သက်လို့ NFF မှ မှတ်ချက်ပြုခြင်း မရှိသေးပါဘူး။