အီတလီအသင်းရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲလွဲချော်မှုအပေါ် ဖီဖာဥက္ကဋ္ဌအင်ဖန်တီနို ပြက်ရယ်ပြု
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌအင်ဖန်တီနိုက သမိုင်းဝင်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံအရေအတွက်နဲ့ပတ်သက်လို့ တုံ့ပြန်ပြောကြားချိန် အငြင်းပွားမှုတွေ ဆက်လက်မြင့်တက်စေမယ့် မှတ်ချက်ကို ဆိုလာခဲ့ပါတယ်။
ဖီဖာကောင်စီမှာတင်ပြထားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းအရေအတွက် တိုးမြှင့်မှုနဲ့ပတ်သက်လို့ ကမ္ဘာ့ဘောလုံးလောကအကြီးအကဲဆီ မေးမြန်းချိန် သူက အီတလီအသင်းရဲ့ပြိုင်ပွဲနဲ့လွဲချော်ခဲ့ရမှုကို ထည့်သွင်းပြောဆိုခဲ့လို့ လူအများအတွက် အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။
"လောလောဆယ်မှာတော့ ကျွန်တော်တို့က ပြိုင်ပွဲဝင်အသင်း ၄၈ ခုပါဝင်တဲ့ ပထမဆုံးသော သမိုင်းဝင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ခံစားကြရပါမယ်။ တကယ်လို့ ပြိုင်ပွဲဝင်အသင်း ၆၄ ခုအထိ ရှိမယ်ဆိုရင်တော့ အီတလီအသင်း ခြေစစ်ပွဲအောင်မြင်ကောင်း အောင်မြင်ပါလိမ့်မယ်။ဒီထက်ပိုပြီး ပြိုင်ပွဲဝင်အသင်း ၂၂၈ ခုအထိတိုးချဲ့ပြီး သူတို့တွေ ခြေစစ်ပွဲအောင်မြင်မှုရှိ၊မရှိဆိုတာကို စောင့်ကြည့်ပေးရဦးမှာလား" လို့ မက္ကဆီကိုမှာ ကျင်းပတဲ့ အဖွင့်ပွဲစဉ်မတိုင်ခင် CazeTV သို့ အင်ဖန်တီနိုက ပြောကြားခဲ့ပါတယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ သူ့ရဲ့ ပြောကြားချက်တွေက အီတလီနိုင်ငံအတွက် မလေးမစားပြုလုပ်တဲ့ အပြုအမူအဖြစ် သတ်မှတ်ခံရပြီး ကောင်းမွန်တဲ့တုံ့ပြန်မှုမျိုး မရရှိခဲ့ပါဘူး။
ဒီနှစ်မှာလည်း အီတလီအသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲမှ သုံးကြိမ်ဆက်ထွက်ခွာရတဲ့ သမိုင်းမှတ်တမ်းဆိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့က ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ဘောလုံးလောကရဲ့အကြီးမားဆုံးစင်မြင့်ထက်ဆီ မတက်လှမ်းနိုင်ခဲ့ပါဘူး။