The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပွဲ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ပြောကြားခဲ့တဲ့ ဝေဖန်စရာစကားတွေအတွက် နိုင်ဂျီးရီးယားပရိသတ်တွေကို သီယာရီ အွန်နရီ ပြန်လည်တောင်းပန်

အမေရိကန်နဲ့ ပါရာဂွေးတို့ ကစားခဲ့တဲ့ ဖီဖာကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို Fox ရုပ်သံကနေ တင်ဆက်နေချိန်မှာ ပြောခဲ့တဲ့ စကားတွေကြောင့် နိုင်ဂျီးရီးယားပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရတဲ့အတွက် သီယာရီ အွန်နရီက ပြန်လည်တောင်းပန်လိုက်ပါတယ်။ အာဆင်နယ်နဲ့ ပြင်သစ်ဂန္ထဝင်ကစားသမားကြီး အွန်နရီဟာ ဇလာတန် အီဘရာဟီမိုဗစ်၊ အဲလက်ဇီ လာလက်စ်တို့နဲ့အတူ စတူဒီယိုသုံးသပ်သူအဖြစ် ဆောင်ရွက်နေတာပါ။ သူဟာ ပွဲမတိုင်ခင် အစီအစဉ်တစ်ခုမှာ Streamer တစ်ဦးဖြစ်တဲ့ IShowSpeed က အမေရိကန်အသင်းဂျာစီနဲ့ နိုင်ဂျီးရီးယားအသင်းဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားတာကို တွေ့ရှိပြီး တုံ့ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်က အဲ့ဒီလိုဝတ်ဆင်တာကို နောက်ပြောင်ခဲ့သလို အွန်နရီကလည်း အားကစားလောကမှာ အသင်းဝတ်စုံတွေကို ရောနှောဝတ်တာဟာ ကံမကောင်းတတ်ဘူးလို့ မှတ်ချက်ပေးခဲ့ပြီး "ကျွန်တော် နိုင်ဂျီးရီးယားကို ချစ်ပါတယ်၊ ဒါပေမဲ့ ဒီနေ့မှာတော့ မင်းအတွက်က အမေရိကန်ပဲလေ" လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီပြောဆိုချက်တွေဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး နိုင်ဂျီးရီးယားပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အွန်နရီက ဘယ်သူ့ကိုမှ စော်ကားလိုစိတ်မရှိကြောင်း၊ နိုင်ငံလက်ရွေးစင်အသင်းရဲ့ အမှတ်အသားတွေနဲ့ ပရိသတ်တွေရဲ့ ဂုဏ်ယူမှုကို နားလည်ကြောင်း ရှင်းလင်းပြောကြားပြီး တောင်းပန်ခဲ့ပါတယ်။ သူဟာ နိုင်ဂျီးရီးယားဘောလုံးယဉ်ကျေးမှုကို အလေးအနက်ထားသလို ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကိုလည်း အမြဲတမ်းအားပေးကြောင်း ပြောဆိုခဲ့ပါတယ်။

"ကျွန်တော် တစ်ခုခုကို ရှင်းပြဖို့ လိုနေပါပြီ၊ ဘာလို့လဲဆိုတော့ တစ်ခါတလေမှာ ကိုယ်ပြောလိုက်တဲ့စကား ဒါမှမဟုတ် နောက်ပြောင်တဲ့စကားကို လူတွေက နားမလည်ကြလို့ပါ။ မနေ့က IShowSpeed က နိုင်ဂျီးရီးယားဘောင်းဘီနဲ့ အမေရိကန်အင်္ကျီကို ဝတ်ထားတယ်၊ ဒါကြောင့် ဝတ်စုံအတွဲအစပ်ကို ခွဲဝတ်တာဟာ ကံမကောင်းဘူးလို့ပဲ ကျွန်တော်က သူ့ကို ပြောလိုက်တာပါ။ ပြင်သစ်၊ အီတလီ ဒါမှမဟုတ် စပိန်ဘောင်းဘီပဲဖြစ်ဖြစ် ကျွန်တော် ဒီလိုပဲ ပြောမှာပါ။ ကျွန်တော်က သူ့ကို နောက်ပြောင်ပြီး ကံမကောင်းဘူးလို့ ပြောတာပါ၊ နိုင်ဂျီးရီးယားက ကံမကောင်းတာ မဟုတ်ပါဘူး၊ ဝတ်စုံအတွဲအစပ်ကို ခွဲလိုက်တာက ကံမကောင်းတာလို့ ဆိုလိုတာပါ။ ကျွန်တော် နိုင်ဂျီးရီးယား (Naija) ကို ချစ်တယ်လို့တောင် ပြောခဲ့သေးတယ်၊ တကယ်လည်း ချစ်ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံနဲ့ အဲ့ဒီကလူတွေကို ကျွန်တော် တကယ်လေးစားပါတယ်။ အဲ့ဒီမှာ အာဆင်နယ်ပရိသတ်တွေ အများကြီးရှိပါတယ်။ နိုင်ဂျီးရီးယားဟာ ဘယ်တော့မှ ကံမကောင်းတာ မဟုတ်ပါဘူး၊ ဘယ်ဘောင်းဘီနဲ့မဆို ဝတ်စုံအတွဲအစပ်ကို ခွဲလိုက်တာက ကံမကောင်းတာလို့ပဲ ကျွန်တော် ပြောခဲ့တာပါ" လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။

အွန်နရီဟာ အာဆင်နယ်အသင်းမှာ ဆုဖလားပေါင်းများစွာ ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူပါ။ သူဟာ အာဆင်နယ်မှာရှိစဉ်အတွင်း နိုင်ဂျီးရီးယားဂန္ထဝင် ကာနူးနဲ့လည်း အတူကစားခဲ့ပြီး အာစင်ဝင်းဂါးလက်ထက်မှာ အသင်းအတွက် အောင်မြင်မှုတွေများစွာ ရယူပေးနိုင်ခဲ့တဲ့ အမှတ်ရစရာ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။