ဆီနီဂေါနေမာလို့ အမည်ပေးထားရတဲ့ နီကိုးလပ်စ်ဂျက်ဆန်ရဲ့ ပရီးမီးယားလိဂ်ကစားသမားဘ၀ ဖြစ်တည်လာပုံ
နီကိုးလပ်စ်ဂျက်ဆန်တစ်ယောက်တော့ ပရီးမီးယားလိဂ်ဆီ ခြေချလာခဲ့ပါပြီ။ ဂမ်ဘီယာမှာမွေးဖွားခဲ့ပေမယ့် ဆီနီဂေါလက်ရွေးစင်ကစားသမားဘဝကို ရွေးချယ်ခဲ့တဲ့ အသက်-၂၂ နှစ်အရွယ် ကြယ်ပွင့်က ချဲလ်ဆီးဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ အသင်းအတွက် သွင်းဂိုးတွေယူဆောင်ပေးနိုင်ဖွယ်ရှိတဲ့ အရပ် ၆ ပေ ၂ လက်မရှိ တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ ချဲလ်ဆီးက ဗီလာရီးရဲလ်ဆီ ပေါင်သန်း ၃၀ ပေးချေခဲ့ရပါတယ်။
ဂျက်ဆန်က သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝပွဲဦးထွက်ကို လက်ရှိအက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီရဲ့ ဗီလာရီးရဲလ်အသင်းကို ကိုင်တွယ်ချိန်ကာလအတွင်းမှာ ရရှိခဲ့ပါတယ်။ အာဖရိကဘက်ခြမ်းမှာတော့ ကစားသမားရဲ့ကိုယ်ပိုင်အရည်အသွေးတွေကြောင့် ဂျက်ဆန်ကို ‘နေမာလက်သစ်’လို့ ခေါ်ဆိုနေကြပါပြီ။ ဒါပေမယ့် သူက ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာကတည်းက ပရီးမီးယားလိဂ်ဆီ ရောက်ရှိဖို့ နီးစပ်ခဲ့တာပါ။
ဂျက်ဆန်က ဘုန်းမောက်ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပေမယ့် အပြောင်းအရွှေ့တရားဝင်ဖြစ်လာဖို့ နောက်ဆုံးအဆင့်ရောက်ချိန်မှာ သဘောတူညီမှုတွေ ပျက်ပြားခဲ့ရပါတယ်။
တဟုန်ထိုးတိုးတက်လာတဲ့ ခြေစွမ်း
-------------------------------------
လူငယ်ကစားသမားဘဝမှာ ဂျက်ဆန်က ဆီနီဂေါကလပ် Casa Sports အတွက် ကစားပေးခဲ့ပါတယ်။ Casa Sports နဲ့အတူ ဆီနီဂေါပရီးမီးယားလိဂ်မှာ တစ်ရာသီကြာကျင်လည်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ သူ့ကို ဗီလာရီးရဲလ်အသင်းက ခေါ်ယူခဲ့ပြီး ဗီလာရီးရဲလ်ယူ-၁၉ အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းစေခဲ့ပါတယ်။
ကနဦးမှာ ရုန်းကန်ရမှုအချို့ရှိခဲ့ပေမယ့် လူငယ်လေးကတော့ စီနီယာအသင်းကစားသမားအဆင့်အထိ တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိနေခဲ့ပါတယ်။
၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာတော့ ဂျက်ဆန်က ဆီဂန်ဒါကလပ် မီရန်းဒက်စ်ဆီ အငှားထွက်ကစားခဲ့ပါတယ်။ အငှားကစားသမားဖြစ်လာပြီး တစ်လအကြာမှာပဲ ဂျက်ဆန်က ကတ်စတယ်လွန်အသင်းနဲ့ ကစားရတဲ့ပွဲစဉ်မှာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးကပဲ အဲ့ဒီဘောလုံးရာသီအတွင်း မီရန်းဒက်စ်အတွက် ၁၆ ပွဲကစားပေးခဲ့ရတဲ့ ဂျက်ဆန်ရဲ့ တစ်လုံးတည်းသောသွင်းဂိုး ဖြစ်လာခဲ့ပါတယ်။
ဥရောပဘောလုံးလောကမှာ စတင်အခြေကျလာပြီလို့ ယူဆလာမှုတွေနဲ့အတူ ဆီနီဂေါကြယ်ပွင့်ကို ဗီလာရီးရဲလ်က သူတို့ရဲ့အရန်အသင်းဆီ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဗီလာရီးရဲလ်(B)အသင်းမှာ အဓိကကစားသမားအဖြစ် ခြေစွမ်းပြလာတဲ့ ဂျက်ဆန်က သွင်းဂိုး ခုနစ်ဂိုးအထိရှာဖွေပေးကာ အသင်းကို ဆီဂန်ဒါဆီ တန်းတက်နိုင်ရေး ကူညီပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ ဂျက်ဆန်ရဲ့အလားအလာကောင်းတွေကို သတိထားမိလာတဲ့ အူနိုင်းအမ်မရီက သူ့ကို ကစားသမားဘဝလာလီဂါပွဲဦးထွက်ပွဲစဉ်ကို ကစားဖို့ ခွင့်ပြုပေးခဲ့ပါတယ်။
၂၀၂၂-၂၀၂၃ ဘောလုံးရာသီစတင်ချိန်မှာပဲ အူနိုင်းအမ်မရီက “ဂျက်ဆန်က ခြေစွမ်းတွေတိုးတက်လာနေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ အခြားကစားသမားတွေမှာ ခြေစွမ်းတွေတိုးတက်ဖို့အတွက် အခြားကလပ်အသင်းတွေဆီ ထွက်ခွာရတဲ့အချိန်တွေရှိပေမယ့် ဂျက်ဆန်ရဲ့ ဂိုးပါဝင်ပတ်သက်မှုနှုန်းက အရမ်းမြင့်မားနေလို့ သူ့ရဲ့ခြေစွမ်း ကျိန်းသေတိုးတက်လာမယ်ဆိုတာ လောင်းကြေးထပ်လိုက်ချင်ပါတယ်။ ဂျက်ဆန်အနေနဲ့ ဂိုးပေါက်ရှေ့မှာ ဘယ်လိုလုပ်ကိုင်ရမလဲဆိုတဲ့ အတွေ့အကြုံတွေ ရှာဖွေရပါဦးမယ်။ ဒါက သင်ယူမှုလုပ်ငန်းစဉ်တစ်ခုပါပဲ။ ကျွန်တော်တို့အနေနဲ့ လူငယ်ကစားသမားလေးတွေကို ပြုစုပျိုးထောင်ပေးပြီး သူတို့ရဲ့အနာဂတ်အပေါ် လောင်းကြေးထပ်ပေးချင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
အားလုံးကို စိတ်မပျက်စေခဲ့ဘူး
---------------------------------
၂၀၂၂-၂၀၂၃ ဘောလုံးရာသီကတော့ ဂျက်ဆန်ရဲ့ အတောက်ပဆုံးအချိန်ကာလတွေ ဖြစ်လာပါတယ်။ ဗီလာရီးရဲလ်စီနီယာအသင်းဆီ ရောက်ရှိလာပြီးနောက် သူရဲ့လာလီဂါဂိုးပါဝင်ပတ်သက်မှုက ၁၈ ဂိုးအထိ ရှိလာခဲ့ပါတယ်။ ဂျက်ဆန်က မတ်လအတွင်းမှာ ဒဏ်ရာပြဿနာတစ်ခု ကြုံတွေ့ရပြီးနောက် ဧပြီနဲ့ မေလတွေမှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပြီး နှစ်လအတွင်းမှာပဲ သွင်းဂိုး ၉ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ လျှင်မြန်လှတဲ့ပြေးအား၊ စွဲမက်ဖွယ်ဘောလုံးဆွဲပြေးမှုစွမ်းရည်နဲ့ သွင်းဂိုးရယူနိုင်ရေး အသိပညာကြွယ်ဝမှုတွေကြောင့် သူ့ကို ဘောလုံးကမ္ဘာမှာ အထင်ကြီးလောက်စရာကစားသမားအဖြစ် သတ်မှတ်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ကစားပုံနဲ့ပတ်သက်လို့ နှိုင်းယှဉ်မှုတွေ အများကြီးထွက်ပေါ်လာခဲ့တာပါ။
ဂျက်ဆန်ကို ‘နေမာလက်သစ်’လို့ အမည်ပေးခဲ့သူတွေ ရှိသလို ဆာဒီယိုမာနေးရဲ့ကစားဟန်နဲ့တူညီတယ်လို့ လည်း သုံးသပ်သူတွေ ရှိပါတယ်။ ဒီကစားသမားနှစ်ဦးလုံးက ဘောလုံးကမ္ဘာရဲ့စူပါစတားတွေဖြစ်လို့ အခုလိုနှိုင်းယှဉ်ခံရမှုတွေဟာ ပျော်ရွှင်ဖွယ်အတိ ဖြစ်နေပါလိမ့်မယ်။ ကာတာကမ္ဘာ့ဖလားစတင်ဖို့ နှစ်လခန့်သာ လိုအပ်တော့ချိန်မှာပဲ ဆီနီဂေါနည်းပြဆစ်ဆီက ခြေစမ်းပွဲနှစ်ပွဲကစားမယ့် အသင်းလူစာရင်းမှာ ဂျက်ဆန်ကို ထည့်သွင်းခဲ့ပါတယ်။ အံ့အားသင့်စရာကောင်းလောက်အောင်ကိုပဲ ဆစ်ဆီက ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဆီနီဂေါအသင်းမှာ ဂျက်ဆန်ကို ရွေးချယ်ခဲ့ပါတယ်။ နယ်သာလန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဆီနီဂေါရဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ဂျက်ဆန်က သူ့ရဲ့နိုင်ငံလက်ရွေးစင်ကစားသမားဘဝပွဲချိန်ပြည့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့ပါတယ်။
ပရီးမီးယားလိဂ်ဆီ ရောက်ရှိလာဖို့ အစောဆုံးရရှိခဲ့တဲ့ အခွင့်အရေး
---------------------------------------------------------------------
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာပဲ ဂျက်ဆန်က ဘုန်းမောက်ကစားသမားတစ်ဦးဖြစ်လာဖို့ အတော်လေးနီးစပ်ခဲ့ပါတယ်။ ဘုန်းမောက်က ဂျက်ဆန်ကို ပြောင်းရွှေ့ကြေးပေါင် ၂၂ ဒဿမ ၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီအပြောင်းအရွှေ့က နောက်ဆုံးမိနစ်အရောက်မှာ ပြိုလဲပျက်စီးသွားခဲ့ပါတယ်။
အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုရဲ့အဆိုအရ ဒီအပြောင်းအရွှေ့ဟာ ဂျက်ဆန်ရဲ့ဆေးစစ်မှု မအောင်မြင်ခဲ့ချိန်မှာပဲ ရပ်ဆိုင်းသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တံကောက်ကြောဒဏ်ရာ ရရှိထားတဲ့ ဂျက်ဆန်ဟာ ခန့်မှန်းထားတဲ့ ဖေဖော်ဝါရီ ၁၀ ရက်အထိ သက်သာလာဖို့မရှိသေးဘဲ မတ် ၁၀ ရက်မတိုင်ခင်အထိ အနားယူရမယ်လို့ ဒေါက်တာတွေက ရှုမြင်ခဲ့ကြပါတယ်။
ပရီးမီးယားလိဂ်မှာရှင်သန်ကျန်ရစ်ရေး တိုက်ပွဲဝင်နေရတဲ့ ဘုန်းမောက်ဟာ ရာသီကုန်ကာလတွေအထိ ချဉ်းနင်းဝင်ရောက်သွားနိုင်တဲ့ အလောင်းအစားတစ်ခုကို ဆက်မလုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လူငယ်တိုက်စစ်မှူးလေးရဲ့ ဂိုးသွင်းခြေပြန်လည်ရရှိလာမှုနဲ့အတူ ဘုန်းမောက်ရဲ့ လက်လွှတ်ရမှုဟာ ဗီလာရီးရဲလ်အတွက် တန်ဖိုးကြီးတဲ့ အမြတ်အစွန်း ဖြစ်လာခဲ့ပါတယ်။
၂၀၂၂-၂၀၂၃ ဘောလုံးရာသီကို ဂျက်ဆန်က လာလီဂါနောက်ဆုံးရှစ်ပွဲမှာ ကိုးဂိုးအထိသွင်းယူပေးပြီး ဗီလာရီးရဲလ်အသင်းကို ယူရိုပါလိဂ်ဝင်ခွင့်ရရှိအောင် ကူည်ီပေးကာ အကောင်းဆုံးနှုတ်ဆက်ခဲ့ပါတယ်။ စပိန်မြေမှာ သူ့ရဲ့ဘောလုံးရာသီကို အခမ်းနားဆုံးပိတ်သိမ်းနိုင်ခဲ့ပြီးနောက် ဂျက်ဆန်က လာမယ့်ရာသီသစ်မှာ ချဲလ်ဆီးနည်းပြသစ်ပိုချက်တီနိုလက်အောက် ခြေစွမ်းကောင်းတွေထုတ်ပြနိုင်ဖို့ အဆင်သင့်ဖြစ်နေမယ်ဆိုတာ သေချာပါတယ်။