The network connection is lost.

Banner Image

တန်ဟက်အား ပြန်တောင်းပန်ရန် ယူနိုက်တက်ရဲ့တိုက်တွန်းချက်ကို ငြင်းဆိုလိုက်တဲ့ ဆန်ချို

မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ အသင်းနဲ့အတူ လေ့ကျင့်ရေး ဆင်းခွင့်ပိတ်ပင်ခံခဲ့ရသော်လည်း နည်းပြ အဲရစ်တန်ဟက်ကိုတော့ တောင်းပန်မှာမဟုတ်ဘူးလို့ ငြင်းဆိုထားတာဖြစ်ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ ဆန်ချိုဟာ ပထမအသင်းနဲ့ဝေးကွာနေပြီး တစ်ကိုယ်တည်းလေ့ကျင့်ရေးဆင်းနေရပြီ ဖြစ်ပါတယ်။
 
မန်ချက်စတာယူနိုက်တက်ကလည်း “ဂျေဒန်ဆန်ချိုဟာ ယူနိုက်တက်ရဲ့ပထမအသင်းနဲ့ ပူးပေါင်းခြင်းမရှိဘဲ တစ်ကိုယ်တော်လေ့ကျင့်ရေးအစီအစဉ်များပြုလုပ်နေမှာဖြစ်ပြီး အသင်းရဲ့စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာကို ဖြေရှင်းပြီးတဲ့အထိ ဆိုင်းငံ့ခံထားရမှာဖြစ်ပါတယ်” လို့တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။
 
သို့သော် ဆန်ချိုဟာ အာဆင်နယ်ကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အဲရစ်တန်ဟက်ရဲ့ လူသိရှင်ကြားဝေဖန်မှုကို ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြန်လည်ချေပခဲ့တဲ့ ပို့စ်ကိုတော့ ဖျက်ပစ်လိုက်ပြီဖြစ်ပါတယ်။
 
အဆိုပါပွဲစဉ်အပြီးမှာ ဆန်ချိုကို အသင်းလူစာရင်းမှ ထုတ်ပယ်ခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ပြီး တန်ဟက်က" လေ့ကျင့်ရေးကွင်းမှာပြသခဲ့တဲ့ သူ့ရဲ့စွမ်း‌ဆောင်ရည်အရ ကျွန်တော်တို့သူ့ကို မရွေးချယ်ခဲ့ပါဘူး။ မန်ချက်စတာယူနိုက်တက်မှာဆိုရင် ကစားသမားတွေအနေနဲ့ နေ့တိုင်းအဆင့်တက်နေဖို့လိုပါတယ်။ တိုက်စစ်မှာလည်း ရွေးချယ်စရာကစားသမားတွေရှိနေတာကြောင့် ဒီပွဲမှာ ဆန်ချိုကို ချန်လှပ်ခဲ့တာပါ" လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
 
အက်သလက်တစ်ရဲ့အဆိုအရ ဆန်ချိုဟာ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှ ပြတ်ပြတ်သားသား ထုတ်ပယ်ခြင်းခံခဲ့ရတာကြောင့် ပထမအသင်းလူစာရင်းအတွက် ထည့်သွင်းစဉ်းစားခံရနိုင်ချေမရှိဘူးလို့ သိရှိရပါတယ်။
 
ယခုအခါ အင်္ဂလန်သား အသင်းရဲ့ အကယ်ဒမီအဆောက်အအုံမှာ တစ်ကိုယ်တော်လေ့ကျင့်ခန်းဆင်းနေရပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားဟာ စနေနေ့မှာ ယှဉ်ပြိုင်မယ့် ဘရိုက်တန်နဲ့ ပွဲစဉ်အတွက် ပါဝင်နိုင်မှုရှိ မရှိဟာ ယူနိုက်တက်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေတယ်လို့ သိရှိရပါတယ်။