The network connection is lost.

Banner Image

ပြင်သစ်အတွက်ကစားပေးဖို့ အဆင်သင့်ရှိနေဆဲဖြစ်ကြောင်း ပြောကြားလာတဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ခီလီယန်အမ်ဘာပေက ပြီးခဲ့တဲ့ နေရှင်းလိဂ်ပြိုင်ပွဲတွေမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခွင့်မရခဲ့ပေမယ့် လာမယ့်ပွဲစဉ်တွေမှာတော့ ပါဝင်ကစားပေးဖို့ အဆင်သင့်ရှိနေဆဲဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

အသက်-၂၅ နှစ်အရွယ်ကစားသမားဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၈၆ ပွဲအထိပါဝင်ကစားထားပြီး ၂၀၁၈ ကမ္ဘာ့ဖလားကို ဆွတ်ခူးထားနိုင်ခဲ့ကာ ၂၀၂၂ ကမ္ဘာဖလား ဗိုလ်လုပွဲမှာလည်း ဟက်ထရစ်သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေဟာ ပြင်သစ်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ 

ကစားသမားဟာ ပြီးခဲ့တဲ့အောက်တိုဘာလက ကျင်းပခဲ့တဲ့ နေရှင်းလိဂ်ပွဲစဉ်တွေအတွက် ပြင်သစ်လူစာရင်းကနေ ဒဏ်ရာပြဿနာကြောင့် နုတ်ထွက်ခဲ့ပေမယ့် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ နေရှင်းလိဂ်ပွဲစဉ်တွေအတွက် လူစာရင်းကနေတော့ အကြောင်းပြချက်မရှိ နုတ်ထွက်ထားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာ အမ်ဘာပေက “ပြင်သစ်အသင်းက ကမ္ဘာ့အဆင့်အတန်းအမြင့်ဆုံး ဘောလုံးအသင်းအဖြစ် ရပ်တည်ထားနိုင်ဆဲပါ။ ကျွန်တော်အမြဲတမ်းပြောတာရှိပါတယ်။ ကျွန်တော့်အတွက် ပြင်သစ်အသင်းလောက် ဘယ်အရာမှာအရေးမကြီးပါဘူး။ ပြင်သစ်အတွက် ကျွန်တော့်ရဲ့အချစ်တွေက ဘယ်တော့မှမပြောင်းလဲပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 

အမ်ဘာပေဟာ ပြင်သစ်အတွက် စုစုပေါင်း ၄၈ ဂိုးအထိသွင်းယူပေးထားနိုင်ပေမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာတော့ ပြိုင်ပွဲသွင်းဂိုး ၁ ဂိုးသာရရှိထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲမှာ ကစားသမားဟာ နှာခေါင်းရိုးကျိုး ဒဏ်ရာရရှိခဲ့ပေမယ့် မျက်နှာဖုံးကာပြီး အသင်းအတွက် ပေးဆပ်ခဲ့ပါတယ်။ ဆက်လက်ပြီး ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းက “နိုဝင်ဘာလက ကျွန်တော်ပြင်သစ်အသင်းမှာ မပါဝင်ခဲ့ရတာနဲ့ပတ်သက်ပြီး ပြောစရာမရှိပါဘူး။ ဒါကနည်းပြရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး ကျွန်တော်က သူခိုင်းတာလုပ်ရတာပါ။ သူ့ရဲ့ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော်လေးစားပါတယ်။ ပြင်သစ်အတွက်ကစားပေးချင်ခဲ့ပေမယ့် ဘာကြောင့်ကျွန်တော့်ကို မရွေးချယ်တာလဲဆိုတာကိုတော့ မေးခွန်းသွားထုတ်လို့မရပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီမှ ရီးရဲလ်မက်ဒရစ်သို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိခဲ့တဲ့ အမ်ဘာပေဟာ စပိန်မြေမှာ ပုံစံကောင်းရဖို့ရုန်းကန်နေရပြီးလက်ရှိကစားထားတဲ့ ပြိုင်ပွဲစုံ ၂၁ ပွဲမှာ ၁၁ ဂိုးသာသွင်းယူထားနိုင်ပါသေးတယ်။