အိပ်မက်တွေအမှန်တကယ်ဖြစ်လာတယ်လို့ ရီးရဲလ်စတားသစ် ဘာပေ ထုတ်ဖော်ပြောကြား
ရီးရဲလ်ပရိသတ်တွေကတော့ ဘာပေရဲ့မိတ်ဆက်ပွဲကို စောင့်နေတာကြာမြင့်နေပြီဖြစ်ကာ အခုတော့ အသင်းအင်္ကျီနဲ့ဘာပေကို တွဲမြင်ခဲ့ရပြီဖြစ်ပါတယ်။
ဘာပေတစ်ယောက် ရီးရဲလ်အသင်းထံ ရောက်လာဖို့ အချိန်အတော်ကြာခဲ့တာဖြစ်ပြီး အဆုံးသတ်မှာမှ ပီအက်စ်ဂျီကနေ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဘာပေဟာ ယူရို ၂၀၂၄ မှာ ခက်ခဲခဲ့ပြီး နှာခေါင်းရိုးကျိုးခဲ့တာဖြစ်ပေမယ့် ရီးရဲလ်အသင်းပရိသတ်တွေနဲ့မိတ်ဆက်ချိန်မှာတော့ အပြုံးတွေဝေနေခဲ့ပါတယ်။
ဘာပေက ပရိသတ်တွေကို နှုတ်ဆက်စကားပြောကြားရာမှာ “ဟယ်လို အားလုံးပဲမင်္ဂလာပါ။ ကျွန်တော် စပိန်စကားပြောနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီနေရာမှာရှိနေရတာ တကယ့်ကိုအံ့ဖွယ်ပါပဲ။ ကျွန်တော် ရီးရဲလ်အသင်းအတွက် ကစားပေးဖို့ အိပ်မက်ရှိနေတာ ကြာပါပြီ။ အခုတော့ အဲ့အိပ်မက်က အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ ကျွန်တော်ဒီနေ့ အရမ်းပျော်တဲ့လူငယ်တစ်ဦးဖြစ်နေပါတယ်။ အသင်းဥက္ကဌ ပီရက်ဇ်ကို ကျေးဇူးတင်ပါတယ်။ ပထမဆုံးနေ့မှာပဲ ကျွန်တော့်ကို နွေးထွေးစွာကြိုဆိုခဲ့ပါတယ်။ အလှည့်အပြောင်းတွေရှိခဲ့ပေမယ့် ကျွန်တော်အခုဒီမှာရှိနေပါပြီ။ ဒီနေရာရောက်အောင် အလုပ်ဝိုင်းလုပ်ပေးကြတဲ့လူတွေကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော် ရီးရဲလ်ကစားသမားတစ်ဦးအနေနဲ့ အောင်မြင်ချင်ပါတယ်”
“ကျွန်တော် ရီးရဲလ်ကစားသမားဖြစ်တဲ့အတွက် မိသားစုကပျော်နေသလို အမေလည်း ငိုနေပါတယ်။
ဒီနေ့က ကျွန်တော့်အတွက် တကယ့်နေ့ထူးနေ့မြတ်ပါပဲ။ ကလေးဘဝကတည်းက အိပ်မက်တစ်ခုပဲရှိခဲ့ပါတယ်။ အဲ့တာက ဒီအသင်းမှာကစားခွင့်ရဖို့ပါ။ ဒီနေရာမှာရှိခွင့်ရတာက အဓိပ္ပာယ်အများကြီးရှိပါတယ်။ နှစ်အတော်ကြာ ကျွန်တော့်ကိုချစ်ပေးကြလို့ ရီးရဲလ်ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အခုတော့ ဒီအသင်းနဲ့အတူ အောင်မြင်မှုရယူနိုင်ဖို့က နောက်ထပ်အိပ်မက်ပါ။ ကျွန်တော် ဒီအသင်းအတွက် အရာအားလုံးပေးဆပ်ကစားချင်ပါတယ်။ ဒီမှာရှိတဲ့ကလေးတွေအားလုံးနဲ့ ကျွန်တော်က အတူတူပါပဲ။ ကျွန်တော့်မှာလည်း အိပ်မက်ရှိခဲ့တာပါ။ အဲ့တာကို တကယ်ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ စိတ်ပိုင်းဖြတ်မှုသာရှိမယ်ဆိုရင် လိုချင်တဲ့အောင်မြင်မှုကို ရယူနိုင်မှာပါ။ ဒီအရာက ကျွန်တော့်အတွက် ကြီးမားပါတယ်။ ကျွန်တော် ဒီနေရာမှာရှိခွင့်ရလို့ အရမ်းဂုဏ်ယူမိပါတယ်။ ကျွန်တော် ဆက်မပြောနိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဆက်ပြောရင် ကျွန်တော် မျက်ရည်တွေကျလာတော့မှာပါ။ ဟာလာ မက်ဒရစ်”လို့ ဘာပေက ပြောကြားခဲ့ပါတယ်။
ဘာပေဟာ ရီးရဲလ်အသင်းမှာ ကျောနံပတ် ၉ ဝတ်ဆင်မှာဖြစ်ပြီး နံပတ် ၇ ကို ဗင်နီဆီးယက်စ်က ဝတ်ဆင်မှာဖြစ်ပါတယ်။ ပြင်သစ်သားဟာ မိခင်နိုင်ငံမှာ အိုလံပစ်ပွဲပါဝင်ခွင့်ပိတ်ပင်ခံရပြီးနောက် ရီးရဲလ်အသင်းထံပြန်လာခဲ့ပြီဖြစ်ပါတယ်။